သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CENTCOM အင်တာနက် လူမှုကွန်ယက် ISIS ထိုးဖောက်


ISIS - Hack of Centcom
ISIS - Hack of Centcom

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကမ္ဘာတဝန်း အမေရိကန်စစ်ဆင်ရေးဗျူဟာ ကွပ်ကဲရေးဗဟိုဌာနချုပ် ခေါ် (US CENTCOM) ရဲ့ အင်တာနက်လူမှုကွန်ယက်တွေရဲ့ တွစ်တာနဲ့ ယူကျုအကောင့်တွေကို အစ္စလာမ်မစ် စတိတ်အုပ်စုအပေါ် သစ္စာရှိသူတွေလို့ သူတို့ကိုယ်သူတို့ ထုတ်ဖော် ပြောကြားတဲ့ hacker အင်တာနက်ဖောက်ထွင်းသူတွေက ခေတ္တ ဝင်ရောက် ခြယ်လှယ်နိုင်ခဲ့ကြပါတယ်။

တနင်္လာနေ့က တွစ်တာအကောင့်မှာ အမေရိကန်စစ်သားတွေကိုသတိပေးတဲ့ ‘ငါတို့ လာနေပြီ၊ သတိထားကြ၊ ISIS’ လို့ ဖော်ပြတဲ့ခြိမ်းခြောက်မှုတွေကို ဖော်ပြနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် တွစ်တာအကောင့်ရဲ့နောက်ပိုင်း ဆက်လက်ဖော်ပြချက်တွေမှာလည်း အမေရိကန်စစ်ဘက်အရာရှိတွေရဲ့ တယ်လီဖုန်း နံပါတ်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ နေရပ်လိပ်စာတွေပါဝင်တဲ့ စာတမ်းတွေနဲ့ ဆက်သွယ်နေတဲ့ အင်တာနက်လင့်ခ်တွေကိုလည်း ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နဲ့မြောက်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာမြေပုံများလို့ ယူဆရတဲ့ပုံတွေကိုလည်း အဲဒီအကောင့်ကနေ ဖော်ပြခဲ့ပါတယ်။ တွစ်တာနဲ့ ယူကျုအကောင့်တွေ ထိုးဖောက်ခံရတဲ့အကြောင်း CENTCOM တာဝန်ခံတွေက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်လို့ သင့်လျော်တဲ့အရေးယူ ဆောင်ရွက်မှုတွေကို ပြုလုပ်နေပြီလို့လည်း သူတို့က ပြောပါတယ်။ မိနစ် ၃၀ အတွင်း CENTCOM အကောင့်အားလုံးကို ယာယီပိတ်ပစ်နိုင်ခဲ့ပါတယ်။

အခုလို ဖောက်ထွင်းခံရခြင်းဟာ လုံခြုံရေးအတွက် အန္တရာယ်မရှိပေမယ့် အများပြည်သူနဲ့ဆက်ဆံရေးမှာတော့ ဦးနှောက်ခြောက်စရာဖြစ်တယ်လို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ ဝေဖန်ဆန်းစစ်ရေးသမားတွေက ပြောပါတယ်။ ထိပ်တန်းလျှို့ဝှက်တဲ့ စာရွက်စာတမ်းတွေတော့ ပေါက်ကြားခြင်း ရှိပုံမပေါ်ဘူးလို့လည်း သူတို့က ပြောပါတယ်။ တချို့ ဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ အင်တာနက်အပေါ်မှာ တင်ထားပြီးသားဖြစ်ပြီး ထိပ်တန်းလျှို့ဝှက်ချက်တွေ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG