သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် တိုက်ခိုက်နိုင်ရခြေ FBI စိုးရိမ်


FBI အမေရိကန် ဖယ်ဒရယ်ထောက်လှမ်းရေး ညွန်ကြားရေးမှုး James Comey။
FBI အမေရိကန် ဖယ်ဒရယ်ထောက်လှမ်းရေး ညွန်ကြားရေးမှုး James Comey။

Khorasan လို့သိကြတဲ့ အယ်ကိုင်ဒါးအဖွဲ့ကို အခု သီတင်းပတ် အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေပေမယ့်လည်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ အစီအမံတွေ ရှိနေကြတုန်းပဲလို့ FBI က ပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွန်ပေါင်းအဖွဲ့ တိုက်ခိုက်မှုတွေကြောင့် Khorasan က ကြံစည်နေတဲ့ အကြမ်းဖက်မှုအစီအမံတွေ ပျက်ပြယ်သွားတာ မရှိသေးဘူးလို့ FBI အမေရိကန် ဖယ်ဒရယ်ထောက်လှမ်းရေး ညွန်ကြားရေးမှုး James Comey က ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Khorasan အုပ်စုဟာ အကြမ်းဖက်တိုက်ခိုက်လာနိုင်ခြေရှိတဲ့စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတုန်းပဲလို့ FBI အကြီးအကဲ က ပြောပါတယ်။ FBI ညွန်ကြားရေးမှုး Comey ရဲ့ အဆိုအရ ဒီအဖွဲ့မှာဆိုရင် အာဖဂန်နဲ့ ပါကစ္စတန်က al-Qaida ဟောင်းတွေ ပါဝင်ကြပါတယ်။ လေဆိပ်လုံခြုံရေးကို ဖြတ်ကျော်လာနိုင်တဲ့ သတ္တုမဟုတ်တဲ့ ဗုံးမျိုး ဖန်တီးဖို့ Khorasan အဖွဲ့က ကြိုးပမ်းနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

အမေရိကန် သတင်းထောက်နှစ်ဦးနဲ့ ဗြိတိန်အကူအညီပေးရေး ဝန်ထမ်းတဦးတို့ ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗွီဒီယိုထဲ ဗြိတိသျှလေသံနဲ့ပြောတဲ့ IS အဖွဲ့က လူဟာ ဘယ်သူ ဘယ်ဝါဆိုတာကို အတည်ပြုနိုင်ပြီလို့လည်း FBI အကြီးအကဲ က ပြောပါတယ်။ ဒါပေမယ့်လို့ နာမည်နဲ့ သူကိုယ်တိုင် သတ်ဖြတ်ခဲ့ တာလားဆိုတာတွေကိုတော့ ပြောမသွားပါဘူး။

မျက်နှာဖုံးတပ်ထားတဲ့အဲဒီသူ ဘယ်သူလဲဆိုတာကို အတည်ပြုနိုင်ဖို့ နီးစပ်နေပြီလို့ ဗြိတိန် အရာရှိတွေကလည်း အရင်က ပြောခဲ့ဖူးပါတယ်။ လက်ရှိအားဖြင်ဆိုရင် အမေရိကန်နိုင်ငံသား ဆယ်ဂဏန်းလောက်ဟာ ဆီးရီယားမှာရှိနေပြီး အဲဒီ အစွန်းရောက် အုပ်စုနဲ့အတူ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ Comey က ပြောပါတယ်။

ဆီးရီယားကို သွားဖို့ကြိုးစားတဲ့ ဆီးရီယားကနေ အမေရိကန်ကို ပြန်လာကြတဲ့ အမေရိကန်နိုင်ငံသား ၁၀၀ ကျော်ကိုလည်း စောင့်ကြည့်တာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုထဲမှာ IS စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေကို ဖော်ထုတ်နိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေပေမယ့်လည်း၊ အမေရိကန်ပြည်တွင်းကပဲ IS ကိုထောက်ခံသူတွေရဲ့ အကြမ်းဖက်မှု အန္တရာယ်စိုးရိမ်စရာလည်း ရှိနေတယ်လို့လည်း Comey က ပြောပါတယ်။

XS
SM
MD
LG