သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြုှပ်နှံမှုဥပဒေကြမ်း လွှတ်တော် ပြင်ဆင် အတည်ပြု


ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပစဉ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပစဉ်
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး လိုက်ပါပြီ။ နိုင်ငံတော် သမ္မတရဲ့ ပြင်ဆင်ချက်တွေနဲ့ ပြန်လည် တင်သွင်းလာတဲ့ ဒီဥပဒေမူကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အချိန်အတော်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီးတော့မှ အတည်ပြုခဲ့တဲ့အကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပြပါတယ်။ မကြာခင် ဥပဒေတရပ် ဖြစ်လာတော့မယ့် ဒီဥပဒေမူကြမ်း အတည်ပြုနိုင်ဖို့မှာ ဘယ်လို အခက်အခဲတွေရှိခဲ့ပါလဲ။ အပြည့်စုံသိရအောင် မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာရောက် ရင်းနှီးမြှုပ်နှံချင်အောင်၊ တချိန်တည်းမှာလည်း မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ တရပ်ဖြစ်ရေး လွှတ်တော်နဲ့ သမ္မတတို့အကြား ပြီးခဲ့တဲ့ မတ်လကတည်းကစလို့ အပြန်အလှန် ပြင်ဆင် ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပြီးတဲ့နောက် နိုင်ငံခြား ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်တွေနဲ့ ပြန်ပို့လာတဲ့ ဒီဥပဒေမူကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အချိန်အတော်ကြာ ယူပြီး ဆွေးနွေး ခဲ့ရတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက အခုလို ပြောပြပါတယ်။

“ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်တွေနဲ့ ပြန်ပို့ထားတဲ့ကိစ္စကို ဒီကနေ့ ဆွေးနွေးကြပါတယ်။ အဓိက ကတော့ ဒီအခြေအနေအပေါ်မှာ ဥပဒေကြမ်း ကော်မတီရဲ့ သဘောထား မှတ်ချက်တွေလည်း ပေးပါတယ်။ ဒီနေရာမှာ အခက်အခဲ ဖြစ်နေတာက နိုင်ငံတော်သမ္မတရဲ့ ပြင်ဆင်ချက်တွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုချင်ပါတယ်။ ဒီနေရာမှာ စကားရပ်တချို့ကို ပြင်ချင်ပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ စကားရပ်က ပြင်လို့မရတော့ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က စကားရပ်တွေကို ပြင်နိုင်ဖို့ဆိုရင် ဒီဥပဒေကို ပြန်ပြီး ပြုပြင်တဲ့ amendment လုပ်ဖို့သော်လည်းကောင်း၊ ဒါမှမဟုတ် နည်းဥပဒေပိုင်းတွေမှာ တချို့ အချက်အလက်တွေကို လိုက်ဖျက်ဖို့သော် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကနေ ဆက်လက် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ နည်းဥပဒေ အရကိုက ကျနော်တို့က နိုင်ငံတော်သမ္မတရဲ့ သဘောထား မှတ်ချက်ကို လက်ခံမလား၊ ကျနော်တို့ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောထားကိုပဲ အတည်ပြုမလား ဆိုတဲ့အဆင့်ကို ကျနော်တို့က ရောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတော့မှ နိုင်ငံတော်သမ္မတဆီကို ပို့တာပါ။ နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်နဲ့ ပြန်ပို့လာတဲ့အပေါ်မှာ ကျနော်တို့က ပြန်လည် ဆွေးနွေးရတာ ဖြစ်ပါတယ်။ နောက်ပိုင်း ပြန်စဉ်းစားကြည့်ပြီး ပြင်ချင်တယ် ဆိုတဲ့အပေါ်မှာ ဥပဒေရဲ့ အကန့်အသတ်ကြားထဲကို ရောက်နေပြီဖြစ်တဲ့အတွက် ဒီအခြေအနေတွေက ပြင်လို့မရတော့ဘူး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်တွေနဲ့ ပေးလာတဲ့အပေါ်မှာပဲ နောက်ဆုံးပိတ်မှာ ကျနော်တု့ိ အတည်ပြုမှု လုပ်ခဲ့ရပါတယ်။”

အခု ဒီဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပေမဲ့ သမ္မတရဲ့ သဘောထားမှတ်ချက် နဲ့ ပြန်လည် ပေးပို့လာတဲ့အပေါ်မှာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ သဘောမတူနိုင်တဲ့ အချက်တချက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လို အချက်ပါလဲ။

“ကျနော်တို့ အဓိက ကတော့ ဒီကနေ့ ၁၁ ချက်မှာ ၁၀ ချက် သဘောတူလိုက်တယ်။ တချက်ကတော့ နိုင်ငံခြားသား ဝန်ထမ်းတွေနဲ့ မြန်မာ ဝန်ထမ်းတွေကြားမှာ အလုပ်ရာထူးအပေါ်မှာ တူညီတဲ့လစာ၊ တူညီတဲ့ခံစားခွင့် ရှိမှုကို အခွင့်အရေးနဲ့ ပတ်သက်ပြီး၊ အကာအကွယ်ပေးမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က မူလ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း ကျနော်တို့က ထားပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်မှာ နိုင်ငံခြားသား ဝန်ထမ်းများ နည်းတူ မြန်မာဝန်ထမ်းများကို ခန့်ထားရာမှာ နိုင်ငံခြားသားဝန်ထမ်းတွေရဲ့ ပညာ အရည်အချင်း လုပ်သက်၊ အတွေ့အကြုံ စသည်ဖြင့် တူညီမှု ဆိုတဲ့စကားရပ်ကို ကျနော်တို့ သဘောမတူနိုင်တဲ့အတွက် ကျနော်တို့က မူလ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားအတိုင်းပဲ ကျနော်တို့က ထားလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကျနော်တို့ မြန်မာနိုင်ငံသား မန်နေဂျာတယောက်ဟာ နိုင်ငံခြားသား မန်နေဂျာ တယောက်နဲ့ ရာထူးတူရင် လုပ်သက် အတွေ့အကြုံ တထပ်တည်း တူချင်မှ တူပါလိမ့်မယ်။ မန်နေဂျာ အချင်းချင်း တူရင်သာ လစာအတူတူပဲ ခံစားခွင့် ရသင့်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စု လွှတ်တော်ရဲ့ မူလ သဘောတူထားတဲ့အတိုင်းပဲ အဲဒါကို ကျနော်တို့ အတည်ပြုခဲ့ပါတယ်။”

အခုလို သဘောမတူနိုင်ခဲ့တဲ့ အချက် ရှိခဲ့ပေမဲ့လို့ အရင်က အငြင်းပွားစရာတွေဖြစ်ခဲ့တဲ့ နိုင်ငံခြား မတည်ငွေဟာ စုပေါင်း မတည်ရင်းနှီးငွေရဲ့ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ပါဝင်ရမယ်ဆိုတဲ့ အချက်မျိုးတွေကို ပယ်ဖျက်ပေးခဲ့တာ အပါအဝင် ပြည်ထောင်စုလွှတ်တာ်နဲ့ သမ္မတကြား အချက်အတော်များများကို သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ကို နိုင်ငံရပ်ခြားက လက်ဝါးကြီးအုပ် စိုးမိုးမှုတွေ မလုပ်နိုင်အောင် ကာကွယ်ဖို့နဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြတ်ထုတ် ချယ်လှယ်မှုတွေ မလုပ်နိုင်အောင် ကန့်သတ်မှုတွေ ထားဖို့ သတိပေးလုပ်ဆောင်မှုတွေ ရှိနေတာပါ။ ဒီဥပဒေ မူကြမ်းဟာ ကြိုတင်ကာကွယ်မှုတွေ သိပ်များနေတယ်လို့ တချို့ မြန်မာအရာရှိတွေရဲ့ ဝေဖန်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာ ဒီဥပဒေ မူကြမ်း ပြင်ဆင် ရေးဆွဲရာမှာ အရင်ကနဲ့မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေး အကြံပြုမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ထုတ်ပြန် ပြောဆိုတာတွေ ရှိခဲ့တာကြောင့် သင့်လျော်တဲ့ ဥပဒေတရပ် ဖြစ်လာနိုင်တယ် ဆိုတဲ့ စီးပွားရေး ပညာရှင်တချို့ရဲ့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။
အခု အတည်ပြုလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို သမ္မတက လက်မှတ်ထိုး အတည်ပြုပြီးရင်တော့ တရားဝင် ဥပဒေ တရပ်အနေနဲ့ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။
XS
SM
MD
LG