မြန်မာနိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ကယ်ဆယ် ကူညီနိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက မြန်မာအစိုးရနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ လက်ရှိအတိုင်းသာ မိုးဆက်ကြီးနေမယ် ဆိုရင်တော့ လာမယ့်ရက်ပိုင်းအတွင်း အစာရေစာ ပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
မုတ်သုန်မိုးကြောင့် ရေလွှမ်းမိုးတဲ့ဒဏ် ခံရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အခု ချိန်ထိ ရေဘေးသင့်ပြည်သူ ၁ သိန်းခွဲနီးပါး ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂကပြောပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့ အသင့်အနေထားမှာ ရှိတယ်လို့ သြဂုတ်လ(၁)ရက် ဗုဒ္ဓဟူးနေ့က နယူးယောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq ကပြောပါတယ်။
“ ပြီးခဲ့တဲ့ ဇူလိုင်လထဲကစလို့ မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁သိန်း ၄သောင်း ၈ထောင်လောက် ရှိလာနေပါပြီ။ အဲဒီ ရေဘေးသင့် ပြည်သူတွေ လိုအပ်နေတာကို ကူညီကယ်ဆယ်နိုင်ဖို့ ကျနော်တို့ ကုလသမဂ္ဂအေဂျင်စီ အများအပြားနဲ့ NGO တွေက မြန်မာအစိုးရ တာဝန်ရှိ သူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ကူညီသွားနိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။"
ဇူလိုင်လလယ်ပိုင်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ရေကြီးရေမြုပ်တာကြောင့် လူဦးရေ(၁၄၇,၀၀၀)ကျော် ရေဘေးသင့်ပြီး၊ အိမ်ခြေပေါင်း (၂သောင်း ၈ထောင်) အိုးအိမ်စွန့်ခွါ နေကြပါတယ်။ ရေကြီး မြေပြိုလဲတာကြောင့် ရွာတွေပျက်စီးခဲ့ရသလို လူ(၁၂)ဦး သေဆုံးခဲ့ရတယ်လို့ သဘာဝဘေးအန္တရာယ် တားဆီးရေး စီမံခန့်ခွဲမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရေကြီးရေလျံခဲ့တဲ့နေရာတွေမှာ နုံးမြေတွေတင်ကျန်ပြီး အခုဆိုရင် သွားလာရေးအခက်အခဲ ရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ဖို့တောင် အခက်ကြုံနေရပါတယ်။ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ ရေကာတာ(၃၆)ခု ရှိပါတယ်။
ဒီရက်ပိုင်းအတွင်း တကျော့ပြန်မိုးကြီးလာနိုင်တာကြောင့် ရေကာတာကျိုးပေါက်ပြီး အနိမ့်ပိုင်းကျေးရွာတွေ ရေမြုပ်ကုန်မှာကို ဒေသခံတွေ စိုးရိမ်နေတယ်လို့ ပဲခူးတိုင်း မဒေါက်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သွားရောက်ကူညီတဲ့ ကိုလှိုင်မင်းဦးက ပြောပါတယ်။
"ဒီတာတွေက နောက်မိုးမှာ မတောင့်ခံနိုင်ဘူးဆိုရင် ရေဝင်တဲ့ ပျက်စီးတဲ့ ရွာစာရင်းက ပိုမြင့်လာလိမ့်မယ် ခင်ဗျ။ ကျဖို့တော့ အလားအလာ တော်တော်နည်းလိမ့်မယ်။"
ရေကြီးတဲ့ဒဏ်ကို ပဲခူးတိုင်းက အများဆုံးခံရပြီး၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ရေပြန်ကျနေပြီဆိုပေမယ့် ထင်သလောက်မကျသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအတိုင်းသာ မိုးကြီးရေလျံနေမယ်ဆိုရင် လာမယ့်ရက်ပိုင်းအတွင်း အစာရေစာ ပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပဲခူးတိုင်း ရွှေကျင်မြို့နယ် မအူပင်ရွာက ကိုနိုင်လင်းဦးက ပြောပါတယ်။
“ အခုက မိုးကလည်းရွာတယ် ရေကလည်းတက်တယ်ဆိုတော့၊ ကျနော်တို့ဆီမှာ စာရေးသောက်ရေးအတွက် အဆင်မပြေဘူး။”
လယ်သမား တံငါသည်တဦးဖြစ်တဲ့ အသက် ၄၀ အရွယ်ကိုဝင်းကြူကတော့ သူ့လယ်မြေတွေက ရေလုံးဝမြုပ်နေတာပါ။
“ ဒီလိုမျိုး ဆက်ကြာနေမယ်ဆိုရင်တော့ လူတွေ စားဝတ်နေရေး တော်တော် ပျက်သွားနိုင်မယ့် အခြေနေရှိတယ်။”
အရှေ့တောင်အာရှမှာ မုတ်သုန်မိုးကြောင့် ရေကြီးတဲ့ဒဏ်ခံရတာက မြန်မာတနိုင်ငံထဲတော့ မဟုတ်ပါဘူး။ အိမ်နီးချင်း လာအိုနိုင်ငံမှာဆိုရင် ရေကာတာတခု ကျိုးပေါက်သွားတာကြောင့် ရွာအတော်များများ မျောပါသွားသလို၊ သေဆုံးပျောက်ဆုံးတွေလည်း ရှိခဲ့ပါတယ်။ အခုလို ရေဘေးသင့်ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာမြေ ပြန်လည်ထူထောင်နိုင်ရေး အတွက်ဆိုပြီး ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization) FAO က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် ၈ နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း(၁၂၀)ပေးကမ်း ကူညီသွားမယ်လို့ နယူးယောက် ကုလ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ Farhan Haq ကပြောကြားသွားပါတယ်။