သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လဝက၀န်ကြီးဌာန ပြည်ထဲရေးအောက် ထားရှိဖို့အဆိုအပေါ် တုံ့ပြန်မှု


လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ပြောင်းရွှေ့ဖို့ သမ္မတဦးသိန်းစိန်အဆို တင်သွင်းထားတဲ့ အစီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်းကော်မတီက တင်သွင်းမှာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ စစ်တပ်အနေနဲ့ ပိုပြီး လုပ်ပိုင်ခွင့် အာဏာ ရှိစေဖို့ အခုလို လဝက ကို စစ်တပ်အောက်မှာ ရှိနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အခုလွှတ်တော်သက်တမ်းပြီးဆုံးဖို့ ၃ ရက်သာ လိုတော့တဲ့အချိန်မှာ စစ်တပ်ရဲ့လုပ်ပိုင်ခွင့် ပိုရှိစေတဲ့ သမ္မတရဲ့ အဆိုတင်သွင်းလာတဲ့အပေါ် လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ပြည်ထဲရေး အပါအဝင် နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၃ ခုကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမယ့် သမ္မတဦးသိန်းစိန်ရဲ့အဆိုကို ဆုံးဖြတ် အတည်ပြုခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာလည်း နိုင်ငံရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ စစ်တပ်ရဲ့အာဏာ ပိုပြီး အထင်အရှား ရှိနေဦးမှာ ဖြစ်တယ်လို့လည်း မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဟာ အရပ်သားအစိုးရ လက်အောက်မှာပဲ ရှိသင့်တယ်လို့ မြင်ကြောင်း မြန်မာ့အရေးအကဲခတ်လည်းဖြစ် ထောက်လှမ်းရေးမှူးဟောင်းလည်းဖြစ်တဲ့ ဦးအောင်လင်းထွဋ်က မြင်ပါတယ်။

“လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနဆိုတာက ကျနော်တို့ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးတော့ နဝတအစိုးရ စ ဖွဲ့တဲ့အချိန်ကျမှ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဆိုပြီးတော့ အဲဒီအချိန်တုန်းကတော့ ဗိုလ်ချုပ်ကြီးမောင်လှ စပြီးတော့မှ ဖွဲ့ခဲ့တဲ့ ဝန်ကြီးဌာနပါ။ ဘာဖြစ်လို့ဖွဲ့သလဲဆိုတော့ တရုတ်နဲ့ အိန္ဒိယကြားမှာနေတဲ့ ကျနော်တို့ ဗမာနိုင်ငံရဲ့ လူဝင်မှုကိစ္စတွေကို တားဆီးနိုင်အောင် ကာကွယ်နိုင်အောင်အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ပြည်ထဲရေးက ယူမယ်ဆိုတဲ့သဘောက တပ်မတော်က သိမ်းပိုက်ချင်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီလို ဝန်ကြီးဌာနမျိုးက တကယ့်တကယ်တော့ အရပ်သားအစိုးရရဲ့ လက်အောက်မှာပဲ ရှိသင့်ပါတယ်။”

ရက်ပိုင်းသာရှိတော့တဲ့ လွှတ်တော်သက်တမ်းမှာ သမ္မတဘက်က သူရဲ့အဆိုကို ရုတ်တရက် တင်သွင်းလာတာဟာ မေးခွန်းထုတ် သံသယတွေ ဖြစ်ပေါ်စေတယ်လို့ ဦးအောင်လင်းထွဋ် က ပြောပါတယ်။

“လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီးတော့မှ အခုလက်ရှိ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ အစိုးရက လျှို့ဝှက်ချက်တွေများ ထားခဲ့သလား ဆိုတာကို သံသယဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဝန်ကြီးဌာနကို ကျနော်တို့ ကာကွယ်ရေးကို ပေးလိမ့်မယ်ဆိုရင် နောက်တက်လာတဲ့ အစိုးရသစ်အနေနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှာ ဘာတွေ ဟိုဒင်းဖြစ်တယ်ဆိုတဲ့ဥစ္စာ သိလာတဲ့အခါမှာ တစုံတခု ပြဿနာဖြစ်မှာ ကြောက်လို့များလားတော့ မပြောတတ်ဘူးခင်ဗျ။ အခုမှ ကောက်ခါငင်ခါ ထပြီးတော့ လုပ်တဲ့ကိစ္စမျိုးလို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

၁၉၈၈ ခုနှစ် စစ်အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ရေးရာ ကိစ္စတွေမှာ ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့တဲ့ ဖြစ်ရပ်မျိုး ရှိခဲ့တယ်လို့လည်း ဦးအောင်လင်းထွဋ် က ဆိုပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း ထောက်လှမ်းရေးတွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေ ဆောင်ရွက်ခဲ့ကြောင်းလည်း ဦးအောင်လင်းထွဋ် က ပြောပါတယ်။

“အဓိကကတော့ ဘင်္ဂါလီပေါ့လေ။ ဘင်္ဂါလီ တားဆီးရေးနဲ့ ပတ်သက်ပြီး လုပ်တဲ့အခါမှာ ၁၉၉၃ ခုနှစ်လောက်မှာ ကျနော်တို့ တပ်မတော် ထောက်လှမ်းရေးက ဦးစီးပြီးတော့မှ န.စ.က ဆိုပြီးတော့ လူဝင်မှုကြီးကြပ်ရေး ယူနီဖောင်း ဝတ်ပြီးတော့မှ ကျနော်တို့ ဖွဲ့ခဲ့တာရှိပါတယ်။ အဲဒီ န.စ.က ဆိုတာကတော့ အဓိကကတော့ ကျနော်တို့ ဘင်္ဂါလီကို တားဆီးရေးဆိုတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကပေါ့လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တော်တော်လေး ကျနော်တို့ ဖိဖိစီးစီးနဲ့ ကြမ်းကြမ်းတမ်းတမ်း ကျနော်တို့ လုပ်ခဲ့ကိုင်ခဲ့တဲ့ အနေအထားမျိုးတွေ အဲဒီအချိန်မှာ ရှိပါတယ်။ ဒါပေမဲ့ အားလုံးကတော့ အဲဒီအချိန်တုန်းက တပ်မတော် ထောက်လှမ်းရေးအနေနဲ့ မဟုတ်ဘူး။ လဝက အနေနဲ့ပဲ လဝက ယူနီဖောင်းဝတ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ကျနော်တို့ ရှိပါတယ်။”

လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာတော့ သမ္မတရဲ့အဆိုနဲ့ပတ်သက်လို့ သဘောထား အမျိုးမျိုးရှိနေတာပါ။ သမ္မတဦးသိန်းစိန်ဟာ သူရဲ့အဆိုကို ဇန်နဝါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စု လွှတ်တော် နာယကဆီကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနဲ့ နိုင်ငံသားမှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်း စတဲ့ လုပ်ငန်းတာဝန်သုံးရပ်ကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ဝန်ကြီးဌာနတွေကို ပိုမို ကျစ်လစ်စွာ ဖွဲ့စည်းနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ အဆိုတင်သွင်းတာဖြစ်ကြောင်း သမ္မတရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG