သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့တလွှား လွတ်လပ်မှု အတိုင်းအတာ ကျဆင်းခဲ့


ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လွတ်လပ်မှုအတိုင်းအတာ ကျဆင်းခဲ့တယ်လို့ ကမ္ဘာတဝန်းလွတ်လပ်မှုအခြေအနေကို စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ Freedom House အဖွဲ့က ပြောလိုက်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ တချို့တဝက်လွတ်လပ်မှု ဒါမှမဟုတ် လွတ်လပ်မှု လုံးဝမရှိတဲ့ ဒေသတွေမှာ နေထိုင်နေကြရတယ်လို့ Washington အခြေစိုက် Freedom House အဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံနဲ့ ပိုင်နက်နယ်နိမိတ်ပေါင်း ၁၄ ခုက နိုင်ငံရေး ရပိုင်ခွင့်နဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေကို လေ့လာပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်ခွင့်အပေးဆုံးကို ၁ မှတ်၊ အချိုးဖောက်ဆုံးကို ၇ မှတ်အဖြစ် သတ်မှတ် ထားတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ကို ၆ မှတ်လို့ သတ်မှတ်ထားပြီး အရပ်သားလွတ်လပ်ခွင့်ကို ၅ လို့ သတ်မှတ်ထား ပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်ကထက်စာရင် ၁ မှတ်စီ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ပျှမ်းမျှ မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်ကို ၅.၅ အဖြစ် ကမ္ဘာတဝန်း လွတ်လပ်မှုအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံက တိုက်ခိုက်မှုတွေ မတရားလုပ်မှုတွေနဲ့ Saudi Arabia နိုင်ငံက ဖိနှိပ်မှုတွေကြောင့် အဲဒီ ၂ နိုင်ငံလုံးဟာ လွတ်လပ်မှု မရှိဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။ အရှေ့အလယ်ပိုင်းဒေသက ပြည်သူ ၈၃% ဟာ လွတ်လပ်မှု မရှိတဲ့ စာရင်းဝင် နိုင်ငံတွေမှာ နေထိုင်နေကြရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အစိုးရတွေဟာ လွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့အတွက် ကြမ်းကြမ်း တမ်းတမ်း ဆောင်ရွက်တာမျိုးမဟုတ်တဲ့ တခြားနည်းလမ်းတွေကို အသုံးပြု နေကြတယ်လို့ အစီရင်ခံစာထုတ်ပြန်သူ Arch Puddington ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG