သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘား-အမေရိကန် မိုင် ၁၀၀ ကျော်လက်ပစ်ကူး


အမေရိကန် ရေကူးသမား Diana Nyad ဟာ ကျူးဘားနဲ့ အမေရိကန်ကြားက အန္တရာယ်များလှတဲ့ ရေပြင်ကို ငါးမန်းတွေရန်က အကာအကွယ်ပေးတဲ့ သံလှောင်အိမ် အကူအညီမပါဘဲ ပထမဆုံးအကြိမ်အဖြစ် အောင်အောင်မြင်မြင် ကူးဖြတ်နိုင်ခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် အမျိုးသမီးရေကူးသမား Nyad ဟာ ဆိုရင်တော့ ကျူးဘားနိုင်ငံ ဟာဗာနားမြို့တော်ကနေ မိုင်ပေါင်း ၁၁၀ လောက် ကွာဝေးတဲ့ ဖလော်ရီဒါပြည်နယ် တောင်ဘက်စွန်းကို အမေရိကန် ဒေသစံတော်ချိန် တနင်္လာနေ့ မွန်းလွဲပိုင်းမှာပဲ ရောက်ရှိလာခဲ့တာပါ။ ဒါဟာဆိုရင်တော့ ၅ ကြိမ်မြောက် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

၅၃ နာရီကြာ ပင်လယ်ပြင်ကို ကူးဖြတ်ရာက ရလာတဲ့ နေလောင်တဲ့ဒဏ် နှုတ်ခမ်းတွေ ဖူးယောင်တဲ့ ဒဏ်တွေနဲ့အတူ ကတုန်ကရင် ဖြစ်နေတာကို တွေ့ခဲ့ရပေမဲ့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို ဘယ်တော့မှ လက်မလျှော့ဖို့ ကမ်းခြေမှာ စောင့်နေကြတဲ့ လူတွေကို သူကပြောခဲ့တာပါ။

ကျူးဘားနဲ့ အမေရိကန်ကြား ဖြတ်ကူးဖို့ ပထမဆုံးအကြိမ်အဖြစ် အသက် ၂၈ နှစ်အရွယ်ဖြစ်တဲ့ ၁၉၇၈ ခုနှစ်မှာ သူဟာ စတင်ကြိုးပမ်းခဲ့တာဖြစ်ပြီး နောက်ဆုံးအကြိမ် ၂၀၁၀ ပြည့်နှစ်မှာတုန်းကတော့ အမောဆို့တဲ့ဒဏ် ခံနေရချိန်မှာပဲ အဆိပ်ရှိတဲ့ ပင်လယ်ခူတွေ တုပ်ခံခဲ့ရာက မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ဒီတကြိမ်မှာတော့ ပင်လယ်ခူတွေရဲ့ရန်က ကာကွယ်ဖို့ အထူးပြုလုပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။ သူဟာ တစ်နာရီကို ပျမ်းမျှ ၂ မိုင်နီးပါးနှုန်းနဲ့ ကူးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG