အီရန်နဲ့အမေရိကန် အမျိုးသမီး ဘောလီဘောအသင်းတွေ ယှဉ်ပြိုင်ကစားတဲ့ပွဲကို အမျိုးသမီးတွေ ကြည့်ခွင့်မရအောင် ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား အုပ်စုတွေကို အီရန်ရဲ့ အမျိုးသမီးဒုတိယသမ္မတတဦးက ကြောင်သူတော်တွေလို့ခေါ်ဆိုပြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။
FIBV ကမ္ဘာ့ဘောလီဘောပြိုင်ပွဲ သောကြာနေ့က ကစားတဲ့ပွဲမှာ အီရန်က အမေရိကန်ကို ၂၅-၁၉၊ ၂၉-၂၇၊ ၂၅-၂၀ နဲ့ သုံးပွဲပြတ် အနိုင်ရသွားတာပါ။
နှစ်အတော်ကြာ ပိတ်ပင်ပင်ကန့်သတ်ထားတာကို ရှောင်ရှားပြီး အားကစားရုံထဲမှာ ဘောလီဘောပွဲသွားကြည့်ဖို့ အမျိုးသမီးပရိသတ်တချို့ကို ခွင့်ပြုမယ်လို့ ဒုတိယသမ္မတ Shahindokht Molaverdi က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပါတယ်။ သူဟာ အမျိုးသမီးနဲ့မိသားစုရေးရာပိုင်း တာဝန်ယူရတဲ့ ပြုပြင် ပြောင်းလဲရေးလိုလားသူ အမျိုးသမီးနိုင်ငံရေးသမားတဦးပါ။
ဒါပေမဲ့လည်း အားကစားရုံတွေထဲမှာ အမျိုးသမီးတွေ အားကစားပွဲကြည့်ခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အသစ်ချထားတာမျိုး မရှိဘူးလို့ အီရန်ပြည်ထဲရေး ဝန်ကြီးက အင်္ဂါနေ့မှာပြောပါတယ်။
တီဟီရန်မြို့တော်က Azadi အားကစားကွင်းမှာလုပ်တဲ့ပွဲအတွက် လက်မှတ် ၂၀၀ လောက်ကို အမျိုးသမီးတွေအတွက် လျာထားပေမဲ့ အားကစားရုံ ပတ်ပတ်လည်မှာ စောင့်နေတဲ့ လုံခြုံရေးတွေက အမျိုးသမီးတွေကို ပွဲကြည့်ခွင့်မပြုခဲ့ပါဘူး။