Missouri ပြည်နယ် Ferguson မြို့မှာ လူဖြူရဲအရာရှိတဦးက လက်နက်မဲ့ ဆယ်ကျော်သက် လူမည်းတဦးကို သေနတ်နဲ့ ပစ်ခတ်လို့သေဆုံး ခဲ့ရတဲ့ တနှစ်ပြည့်မြောက် နှစ်ပတ်လည် နေ့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ အလည်ပိုင်း Missouri ပြည်နယ်ရဲ့ မြို့နယ်တခုကို အရေးပေါ်အခြေနေကြေညာလိုက်ပါတယ်။
တနင်္ဂနွေနေ့ နှေင်းပိုင်းက ရဲတပ်ဖွဲ့ရဲ့ ကားတစီးကို ပစ်ခတ်ခဲ့သူလို့ သံသယရှိသူ အသက် ၁၈ နှစ် အရွယ် လူငယ်တယောက်ကို အစိုးရရှေ့နေတွေက စွဲချက် ၁၀ ခုနဲ့ တရားစွဲဆိုခဲ့ပြီးတဲ့နောက် St Louis မြို့နယ် အုပ်ချုပ်ရေးမှူး Steve Stenger က အရေးပေါ် အခြေနေကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒီလူငယ်ဟာ အမှတ်အသားမဖေါ်ပြထားတဲ့ ရဲကားတစီးကို တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ရဲအရာရှိလေးယောက်က ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အရေးအခင်းကြီးဖြစ်ပွားခဲ့ပြီးတဲ့နောက် တနှစ်ကြာ ပြန်လည် ကြံ့ခိုင်အောင် မနားမနေ တည်ဆောက်လာတဲ့ လူမှုအသိုင်းအဝိုင်းကြီး အတွင်းမှာ အခုလို အကြမ်းဖက် တိုက်ခိုက်လာတဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့Mr. Stenger ကပြောပါတယ်။
သူအခုလို ထုတ်ပြန်လိုက်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကြောင့် မြို့နယ်နဲ့ Ferguson တဝိုက် တရားဥပဒေ စိုးမိုးရေးကိစ္စ ရပ်တွေကို မြို့နယ်ရဲတပ်ဖွဲ့မှုး Jon Belmar က တာဝန်ယူ ထိန်းချုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်မယ် ဆိုတာကတော့ မသိရသေးပါဘူး။
တနင်္ဂနွေနေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို ရဲတပ်ဖွဲ့က နှိမ်နင်းလိုက် ပြီးတဲ့နောက် တနင်္လာနေ့ St. Louis မြို့ အနီး တရားရုံးရဲ့ရှေ့မှာ လူပေါင်း ၅၀ လောက်ကို ဖမ်းဆီးလိုက်ပါတယ်။