ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA တာဝန်ရှိသူတွေကို ဖမ်းဆီးတဲ့ ဒီကနေ့ နောက်ဆုံးဖြစ်ရပ် မှာ FIFA ရဲ့ ဒုတိယဥက္ကဋ္ဌတွေဖြစ်ကြတဲ့ Alfredo Hawit နဲ့ Juan Angel Napout တို့ကို ဖမ်းလိုက်တယ်ဆိုတာ ဆွစ်ဇာလန် တရားရေးဌာန ကပြောပါတယ်။
ဇူးရစ်ခ်မြို့မှာ ရဲတပ်ဖွဲ့က စစ်ဆေးချိန်အတွင်း သူတို့ကို အမေရိကန်ပြည်ထောင်စု လက်ထဲ လွှဲပြောင်းမှာကို နှစ်ယောက်စလုံးက ကန့်ကွက်ကြတယ်လို့ ဆွစ်ဇာလန် တရားရေးဌာနကပြောပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံသား Hawit ဟာ မြောက်အမေရိက၊ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယန်ဒေသတွေ ဆိုင်ရာ CONCACAF ဘောလုံး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ပါရာဂွေးနိုင်ငံသား Juan Angel Napout ကတော့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် CONMEBOL ရဲ့ဥက္ကဋ္ဌပါ။
FIFA ရဲ့ လာဘ်စားမှု အရှုပ်တော်ပုံနဲ့ဆက်စပ်ပြီး သူတို့နှစ်ယောက်ကို ဖမ်းပေးဖို့ အမေရိကန် အာဏာပိုင်တွေက အကြောင်းကြား ခဲ့တာပါ။ မေလက ပထမအကြိမ် ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့ ဇူးရစ်ခ်မြို့က ဟော်တယ်တခုမှာပဲ ဖမ်းဆီးမှုတချို့ကို လုပ်ခဲ့တာပါ။
Baur au Lac ဟော်တယ်မှာ အခုနောက်ဆုံး ဖမ်းဆီးတာတွေလုပ်ပြီးတဲ့နောက် လူပေါင်း တဒါဇင်ကျော် စွဲချက်တွေနဲ့ ရင်ဆိုင်ရ ဖွယ်ရှိတယ်လို့ The New York Times သတင်းစာက ဒီကနေ့ အရင်ဆုံး ဖော်ပြတာပါ။
အဖမ်းခံရတဲ့ FIFA တာဝန်ရှိသူ အများ အပြားဟာ တောင်အမေရိကနဲ့ ဗဟို အမေရိကနိုင်ငံတွေကဖြစ်ပြီး တရားမဝင်လုပ်ငန်းနဲ့ အသက်မွေးမှု၊ ငွေမည်းခဝါချမှု၊ လိမ်လည် မှုတွေမှာ ပါဝင်ပတ်သက် ထားတယ်လို့ သံသယရှိတဲ့အကြောင်း The Times သတင်းစာကရေးပါတယ်။