သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၁ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ


၂၀၁၁ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ
၂၀၁၁ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ

ဖီဖာ (FIFA) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာအသင်းက လီယိုနယ်လ်မက်ဆီ (Lionel Messi) က ရသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ရှိတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့အခမ်းအနားမှာ အမျိုးသား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အပါအဝင် အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံး နည်းပြဆုတွေနဲ့ တစ်နှစ်တာအတွက် အကောင်းဆုံးဂိုးဆု စတာတွေကိုလည်း ချီးမြှင့်ခဲ့ကြပါတယ်။ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုချီးမြှင့်ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က အစီရင်ခံထားပါတယ်။

၂၀၁၁ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ အများမျှော်လင့်ထားတဲ့အတိုင်း ဘာစီလိုနာအသင်းက အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ်မက်ဆီ (Lionel Messi) က ရသွားပါတယ်။ ဒါဟာ သူ့အတွက်တော့ ဒီဆုကို ၃ နှစ်ဆက်တိုက် ရတာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ဒီနှစ်မှာ ဘာစီလိုနာအသင်းဖော် စပိန်ကွင်းလယ်လူ ရှာဗီနဲ့ ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းက ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒိုတို့ကို အနိုင်ရခဲ့တာပါ။ ဒါကြောင့် ၁၉၉၁ ခုနှစ်ကစပြီး ဖီဖာကနေ ချီးမြှင့်လာခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၃ နှစ်ဆက်တိုက်ရတဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့တာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း ဘာစီလိုနာကို ဥရောပ ချန်ပီယံလိဂ်၊ စပိန်အမှတ်ပေး ချန်ပီယံဆု ၊ စပိန်စူပါဖလား၊ ဥရောပစူပါဖလား နဲ့ ကမ္ဘာ့ကလပ် ချန်ပီယံဆုတွေ ရအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

အမျိုးသားအသင်းတွေရဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြဆရာဆုကိုတော့ ဘာစီလိုနာနည်းပြ ပပ် ဂေါ်ဒီယိုလာ (Pep Guardiola) ကရသွားပါတယ်။ သူဟာ ပြိုင်ဘက်တွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နည်းပြ ဂျိုးဆေးမိုရင်ညို (Jose Mourinho) နဲ့ မန်ယူနည်းပြ ဆာအဲလက်စ်ဖာဂူဆန် (Sir Alex Ferguson) တို့ကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးဘက်မှာတော့ ဂျပန်အသင်းက သိမ်းကြုံးပြီး ယူသွားပါတယ်။ ၂၀၁၁ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို ဂျပန်အသင်းခေါင်းဆောင် ဟိုမာရေး ဆာဝါ (Homare Sawa) က ရသွားပါတယ်။ ဆာဝါဟာ ပြီးခဲ့တဲ့နှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားမှာ ဂျပန်အသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အဲဒီကမ္ဘာ့ဖလားမှာလည်း အကောင်းဆုံး ဘောလုံးသမား ရွှေဘောလုံး နဲ့ ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆုတွေကို ရခဲ့တာပါ။ အမျိုးသမီးအသင်းအတွက် ကမ္ဘာ့အကောင်းဆုံး နည်းပြကတော့ ကမ္ဘာ့ချန်ပီယံ ဂျပန်အမျိုးသမီးအသင်းရဲ့ နည်းပြ နိုရီယို ဆာဆာကီး (Norio Sasaki) ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဂိုးဆုကိုတော့ ဆန်တို့စ်အသင်းက ဘရာဇီးတိုက်စစ်မှူး နေးမားက ရသွားပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆု Presidential Award ကိုတော့ မန်ယူနည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ရသွားပါတယ်။ မန်ယူအသင်းမှာ ၂၅ နှစ်ကြာ နည်းပြအဖြစ်နဲ့ ဆောင်ရွက်လာခဲ့ပြီး ချန်ပီယံဆုတွေ အများကြီးယူပေးခဲ့တဲ့ ဖာဂူဆန်ရဲ့ စွမ်းဆောင်မှုတွေနဲ့ အောင်မြင်မှုတွေကြောင့် အခုလိုချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။

ဖီဖာရဲ့တစ်နှစ်တာအတွက် အသန့်ရှင်းဆုံး ဆုကိုတော့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လက ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီ သဘာ၀ ဘေးအန္တရာယ်တွေ အပါအဝင် နျူးကလီးယား ပြဿနာတွေပါ ရင်ဆိုင်ခဲ့ရတဲ့ ကြားထဲက ဂျပန်အမျိုးသမီးအသင်းက အမျိုးသမီးကမ္ဘာ့ဖလားကို ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ဂျပန်ဘောလုံးအဖွဲ့ချုပ် ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖီဖာကမ္ဘာ့ကလပ် ချန်ပီယံဖလားကို ဂျပန်နိုင်ငံမှာ အောင်မြင်အောင် ကျင်းပနိုင်ခဲ့တာကြောင့် အခုလို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG