သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ကမ္ဘာ့ဖလားအတွက် မြန်မာကို FIFA ပြန်လည်ခွင့်ပြု


၂၀၁၈ ကမ္ဘာ့ဖလားအတွက် မြန်မာကို FIFA ပြန်လည်ခွင့်ပြု

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က မြန်မာဘောလုံးအသင်းအပေါ် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် ပိတ်ပင်ထားတာကို ရုတ်သိမ်းပြီးတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်ကို ပြန်ပေးလိုက်ပါပြီ။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အယူခံကော်မတီက မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံကိုလက်ခံပြီးတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၄ ရက်နေ့မှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ပြန်ဝင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။ မြန်မာဘောလုံးပရိသတ်တွေ ကွင်းအတွင်းမှာ အကြမ်းဖက်ပြီး ပြဿနာဖြစ်ခဲ့တဲ့အတွက် FIFA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ မြန်မာဘောလုံးအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ခွင့် ပိတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အိုမန်နဲ့ ကစားခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား အာရှဇုံ ခြေစစ်ပွဲအကြို ဒုတိယအဆင့်မှာ မြန်မာပရိသတ်တွေက ကွင်းအတွင်းကို ခဲတွေ၊ ရေပုလင်းတွေနဲ့ ပစ်ခဲ့ပြီး အိုမန်ကစားသမားတချို့ ထိခိုက်ဒဏ်ရာရပြီး ပွဲပျက်ခဲ့ရတဲ့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက မြန်မာအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ဖို့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ငွေအဖြစ် ဆွစ်ဖရန့်ငွေ ၂၅,၀၀၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အမိန့်ချမှတ်ခဲ့တာကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဘက်က ပြီးခဲ့တဲ့လပိုင်းအတွင်း FIFA ကို အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံကို အီကွေဒေါနိုင်ငံသား မစ္စတာ ဖရန်စစ္စကို အကော်စတာ ဦးဆောင်တဲ့ FIFA အယူခံကော်မတီက ပြန်သုံးသပ်ပြီးတော့ မြန်မာအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် ပြန်ပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါပေမဲ့လည်း အခုလိုမျိုး မြန်မာအသင်းကို ခြေစစ်ပွဲဝင်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း “FIFA ကို အယူခံဝင်တာက မရသလောက် နီးပါး ခက်ခဲပြီး အခုကိစ္စမှာ အောင်မြင်တဲ့အတွက် အရမ်းကို ၀မ်းသာကြောင်း ပြည်တွင်းထုတ် SOCCER MYANMAR ဂျာနယ်ကို ပြောသွားခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုံခြေစစ်ပွဲတွေ ၀င်ခွင့်ပြန်ရပေမဲ့လည်း အိမ်ကွင်းမှာ ကစားခွင့်ရမှာမဟုတ်ဘဲ ခြေစစ်ပွဲတွေကို တခြားနိုင်ငံတွေမှာသွားပြီး ကြားကွင်းအဖြစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် FIFA ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအရ မူလက ချမှတ်ထားတဲ့ ဆွစ်ဖရန့်ငွေ ၂ သောင်းခွဲကိုတော့ ဒဏ်ငွေအဖြစ် ဆက်ပြီးတော့ ပေးဆောင်ရမှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ခွင့် ပြန်ပေးခဲ့တဲ့ FIFA ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အားကစားဆောင်းပါးရှင် ဦးမြသက်ကတော့ အခုလို ပြောပါတယ်။

“၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြန်ဝင်ခွင့်ရတဲ့အတွက်ကတော့ အများကြီးဝမ်းသာပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ဘယ်လိုပဲကျနေပါစေ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲတွေ ဆိုတာ ၀င်ကိုဝင်သင့်တဲ့ ခြေစစ်ပွဲကြီးတွေပါ။ အဲဒီတော့ အိုမန်နဲ့ပွဲကြောင့် လုံးဝပိတ်ထားတာကနေ အခုလို ပြန်ဖွင့်ပေးလိုက်တဲ့အတွက်ကြောင့် မြန်မာ့ဘောလုံးကို ချစ်မြတ်နိုးတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ရော၊ သတင်းသမားတစ်ယောက်အနေနဲ့ပါ ကျနော် အင်မတန် ကျေနပ်ပါတယ်။ ၀မ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ တစ်ခုတော့ရှိတာပေါ့လေ အိမ်ကွင်းပွဲကိုတော့ ကြားနိုင်ငံတစ်နိုင်ငံမှာ ကန်မှာ။ ဒါလည်း ပြဿနာမရှိပါဘူး။ ကျနော်တို့ ကလေးတွေ ခြေစစ်ပွဲအတွေ့အကြုံရဖို့က အဓိကပါပဲ။”

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို အိမ်ကွင်းကစားခွင့် ပိတ်ပင်ခံရပြီး ကြားကွင်းမှာ ကစားရမယ့် အပေါ်မှာတော့ ဦးမြသက် အခုလိုပြောပါတယ်။

“အိုမန်နဲ့ပွဲ ဖြစ်ခဲ့တဲ့ကိစ္စရပ်အတွက် ကြားကွင်းမှာကန်ရတာကတော့ အသင်းအတွက်တော့ အတိုင်းအတာ တစ်ခုတော့ အားလျော့စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပရိသတ်က တကယ်ကို လှိုက်လှိုက်လှဲလှဲ ချစ်ချစ်ခင်ခင်နဲ့ ကိုယ့်အသင်းကို အားပေးတဲ့ပရိသတ်ပါ။ အိုမန်နဲ့ပွဲ ဖြစ်သွားတာကလည်း ဂရုဏာဒေါသပါ။ ကိုယ့်အသင်းရှုံးနေတော့လည်း ပေါက်ကွဲကုန်ကြတာပေါ့။ ဒီသဘောပါပဲ။ သိပ်ပြီး ရိုင်းပျစော်ကားပြီးတော့ ဧည့်သည်ကို အကြမ်းဖက်တယ် ဆိုတာမျိုးတော့မဟုတ်ပါဘူး။ ဒါ ကျနော်တို့ပရိသတ်က နိုင်စေချင်လို့ ကိုယ့်အသင်းကို အားပေးမှုလွန်ကဲသွားတဲ့အဖြစ်ပါ။”

အားကစားဆောင်းပါးရှင် ဦးမြသက် ပြောသွားတာဖြစ်ပါတယ်။ FIFA ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ FIFA ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေထဲက ပုဒ်မ (၆၅) နဲ့ (၆၇) တွေကို ထပ်ပြီး ကျူးလွန်ခဲ့မယ် ဆိုရင်တော့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်ပြီး နောက်ထပ် အရေးယူမှုတွေ ဖြစ်လာနိုင်ချေရှိတယ်လို့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။

XS
SM
MD
LG