FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲကို လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဖီဖာအတွင်း အပြောင်းအလဲတွေလုပ်ဖို့အတွက် အလုပ်အဖွဲ့တခုကိုလည်း ဖွဲ့သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဗြိတိန်ဟာသသရုပ်ဆောင် Simon Brodkin က ဖီဖာ သတင်းစာရှင်းလင်းပွဲအတွင်းကို ဝင်လာပြီး မစ္စတာဘလတ္တာကို ကန့်ကွက်ဆန္ဒပြခဲ့ တာကြောင့် သတင်းစာရှင်းလင်းပွဲခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ကျင်းပ သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ FIFA အမှုဆောင် ကော်မတီဝင်တွေရဲ့ အစည်းအဝေး အတွင်း အဲဒီလို ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဖီဖာဥက္ကဋ္ဌသစ် ရွေးချယ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ဘလတ္တာက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဖီဖာအနေနဲ့ ဥက္ကဋ္ဌသစ် ရမှာပါ။ ဖီဖာအနေနဲ့ ငယ်ရွယ်တဲ့ ဥက္ကဋ္ဌသစ်ကို ရမှာပါ။ ကျနော်အနေနဲ့ ကျနော် အရင် အလုပ်ကိုပဲပြန်လုပ်မှာပါ။ ကျနော်က သတင်းထောက်ပါ။ ဒါပေမဲ့ ဒီတခေါက်တော့ ရေဒီယိုဌာနမှာ အလုပ်လုပ်သွားမှာပါ။”
ဒါပေမဲ့ မစ္စတာ ဘလတ္တာကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ဗြိတိန်ဟာသသရုပ်ဆောင် Simon Brodkin သတင်းစာရှင်းလင်းပွဲအတွင်းကို ဝင်လာပြီး ကန့်ကွက်ဆန္ဒပြခဲ့တာခဲ့ပါတယ်။
Simon Brodkin က ကစားစရာ ငွေစက္ကူအတုတွေကို မစ္စတာဘလတ္တာအပေါ်ကနေ ကျဲချပြီး၊ အဲဒါဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို မြောက်ကိုရီးယားကျင်းပဖို့၊ ကျေးဇူးတင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီနောက်တော့ လုံခြုံရေးတွေက သူ့ကို ခေါ်ထုတ်သွားပြီး နောက်ပိုင်းမှာ ရဲကားနဲ့ သူ့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဖီဖာရဲ့ သတင်းစာရှင်းလင်းပွဲကို ခေတ္တရွှေ့ဆိုင်းတယ်လို့ မစ္စတာ ဘလတ္တာက ပြောပါတယ်။
“ကျနော်တို့ ဒါတွေကို ရှင်းဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် ကျနော်အနေနဲ့ ခင်ဗျားတို့ကို ကျနော် စကားပြောနိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့ ဘောလုံးအကြောင်း ပြောကြတဲ့အခါ ဒါက ဘောလုံးနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျနော်ခဏနေ ပြန်လာခဲ့ပါမယ်။”
ဖီဖာအနေနဲ့ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို လုပ်ဆောင်သွားမယ့်အပြင်၊ ဖီဖာအတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘလတ္တာက ပြောကြားလိုက်ပါတယ်။
“ကျနော်တို့အနေနဲ့ လူ ၁၁ ယောက်ပါတဲ့ အလုပ်အဖွဲ့ဖွဲ့သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကစားသမား ၁၀ ယောက်နဲ့ နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ နည်းပြဟာ လက်ရှိလုပ်နေတဲ့နည်းပြ ဖြစ်ရမှာဖြစ်သလို၊ သီးခြားလွတ်လပ်တဲ့သူလည်းဖြစ်ရပါမယ်။ ဖီဖာရဲ့ပြုပြင်ပြောင်းလဲဖွဲ့စည်းမယ် အလုပ်အဖွဲ့ကို ဘယ်သူက ဥက္ကဋ္ဌလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး တိုက်တခုချင်းစီက ဥက္ကဋ္ဌတွေနဲ့အတူ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။”
ဖီဖာအတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ၊ ပိုပြီးပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဖို့ စီစဉ်နေတယ်လို့ မစ္စတာဘလတ္တာက ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့လစာဘယ်လောက်ရသလဲဆိုပြီး သတင်းထောက်တွေမေးတာကိုတော့ ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲကို ရှေ့နှစ်ဖေဖော်ဝါရီလာမှာ ကျင်းပမှာဖြစ်တဲ့အတွက် မစ္စတာ ဘလတ္တာအနေနဲ့ FIFA ဥက္ကဋ္ဌအဖြစ်နဲ့ နောက်ထပ် ၇ လ ထပ်ပြီး ရှိနေအုံးမှာဖြစ်ပါတယ်။ ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မတိုင်ခင် အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်။