သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA အဖွဲ့ချုပ်ဥက္ကဌ ရုတ်တရက်ရာထူးက နှုတ်ထွက်


FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်းက အကျင့်ပျက် ခြစားမှုတွေ ထွက်ပေါ်လာနေတဲ့အချိန် FIFA ဥက္ကဌ Sepp Blatter ဟာ အင်္ဂါနေ့က ရာထူးကနေ ရုတ်တရက် နှုတ်ထွက်သွားပါတယ်။

Blatter ဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကပဲ FIFA ဥက္ကဌအဖြစ် ၅ ကြိမ်မြောက် ပြန်လည် ရွေးကောက် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အထူး ကွန်ဂရက်အနေနဲ့ ဥက္ကအသစ်ကို ရွေးချယ်ခန့်အပ်ဖို့နဲ့ အဲဒီရွေးချယ်မှု မပြုနိုင်ခင်အထိ ဥက္ကဌရာထူးကို သူဆက်လက် ထမ်းဆောင်သွားမယ့်အကြောင်း Blatter က ပြောပါတယ်။

FIFA ဥက္ကဌသစ် ရွေးချယ်နိုင်ဖို့အတွက် လပေါင်းများစွာ ကြာဦးမှာ ဖြစ်ပါတယ်။ ဥက္ကဌအသစ်အတွက် မဲခွဲရွေးချယ်မှုဟာ အခုနှစ် ဒီဇင်ဘာလနဲ့ ရှေ့နှစ်မတ်လကြားထဲမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ Sepp Blatter ဟာ FIFA အမှုဆောင် အရာရှိတွေကြား အကျင့်ပျက် ခြစားမှုတွေ၊ ဒေါ်လာတွေ သန်းနဲ့ချီပြီး လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြစ်ကင်းစင်ကြောင်း တောက်လျှောက် ပြောဆိုလာခဲ့ပြီးမှ Zurich မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူရာထူးက အနားယူမယ့်အကြောင်း ကြေညာလိုက်တဲ့အတွက် ကမ္ဘာတဝှမ်း အံ့အားသင့်သွားစေခဲ့ပါတယ်။

သံသယရှိခံထားရတဲ့ FIFA အမှုဆောင်အရာရှိတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ရှာဖွေတာ၊ ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်ခဲ့ ပြီးပြီးချင်းမှာပဲ ဘောလုံးအဖွဲ့ချုပ်အတွင်းက တရားမဝင်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်နေသူ အားလုံးကို ရှင်းထုတ်သွားမယ်လို့လည်း Sepp Blatter က ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG