သြစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ FIFA အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ သြစတြေးလျ နဲ့ အင်္ဂလန် အသင်း တို့ ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။
Brisbane မြို့မှာ ကစားတဲ့ အိမ်ရှင် သြစတြေးလျနဲ့ ပြင်သစ်တို့ရဲ့ တတိယကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ သြစတြေးလျအသင်းက ပြင်သစ်ကို ပယ်နယ်တီ နဲ့ အနိုင်ရသွားပါတယ်။ အချိန်ပိုပြီးတဲ့အထိ ၂ သင်းစလုံး ဂိုးမသွင်းနိုင်တာကြောင့် ပယ်နယ်တီကန်ကြတာမှာ သြစတြေးလျက ၇ ဂိုး ၆ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။ ဒီပွဲမှာ ပယ်နယ်တီ ၁၀ လုံးစီအထိ ကန်ခဲ့ရတာကြောင့် ဒါဟာ ဖီဖာ ကမ္ဘာ့ဖလားသမိုင်း တလျှောက် အမျိုးသားရော၊ အမျိုးသမီးပြိုင်ပွဲ ၂ ခုစလုံးမှာ အချိန်အကြာဆုံးကန်ရတဲ့ ပယ်နယ်တီအဖြစ် နဲ့ စံချိန်တင်သွားပါတယ်။ ဒါဟာ သြစတြေးလျအမျိုးသမီးအသင်းအတွက်တော့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် ရောက်တာဖြစ်ပါတယ်။
Sydney မြို့မှာ ကစားတဲ့ လက်ရှိ ဥရောပချန်ပီယံ အင်္ဂလန် နဲ့ ကိုလံဘီယာပွဲမှာတော့ အင်္ဂလန်က ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။ ကိုလံဘီယာက ၄၄ မိနစ်မှာ ဂိုးအရင်သွင်းခဲ့ပေမယ့်၊ ကိုလံဘီယာဂိုးသမား အမှားကနေ အင်္ဂလန်က Lauren Hemp က ချေပဂိုး တဂိုးပြန်သွင်းပြီး၊ အနိုင်ဂိုးကိုတော့ ၆၃ မိနစ်မှာ Russo က သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲတွေကိုတော့ လာမယ့် သြဂုတ်လ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ ကစားကြမှာဖြစ်ပြီး စပိန် နဲ့ ဆွီဒင် ၊ အင်္ဂလန် နဲ့ သြစတြေးလျတို့ တွေ့ကြမှာဖြစ်ပါတယ်။