သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA အမျိုးသမီးကမ္ဘာ့ဖလား အမေရိကန် ဗိုလ်စွဲ


၂၀၁၅ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲဖိုင်နယ်ကို ကနေဒါနိုင်ငံ ဗန်ကူဗားမြို့မှာ အမေရိကန် နဲ့ ဂျပန်အသင်းတို့ ကစားခဲ့ကြတာမှာ အမေရိကန် အသင်းက ၅ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ကမ္ဘာ့ဖလားကို ဗိုလ်စွဲသွားပါတယ်။ အမေရိကန်အတွက် ကာလီလွိုက်ဒ် (Carli Lloyd) က ၃ ဂိုး၊ ဟောလီးဒေး (Holiday) နဲ့ ဟိသ် (Heath) တို့က သွင်းခဲ့တာဖြစ်ပြီး ဂျပန်ဘက်အတွက် ဂိုးတွေကိုတော့ အိုဂိမိ (Ogimi) က ၁ ဂိုး၊ အမေရိကန် နောက်တန်းလူ ဂျွန်စတင် ကိုယ့်ဂိုးကိုယ် ၁ ဂိုးသွင်းပေးခဲ့ပါတယ်။

အမေရိကန်အသင်းဟာ ပွဲစတာနဲ့ ဂျပန်အသင်းဘက်ကို အင်တိုက်အားတိုက် ထိုးဖောက်ခဲ့တာကြောင့် ပဲွဲချိန် ၂ မိနစ်နဲ့ ၄ မိနစ်မှာ အမေရိကန်အသင်း ခေါင်းဆောင် Carli Lloyd က ၂ ဂိုးသွင်းယူခဲ့ပါတယ်။ အမေရိကန်အတွက် တတိယဂိုးကိုတော့ အမေရိကန်အသင်းက Holiday က သွင်းယူခဲ့ပြီး စတုတ္ထဂိုးကိုတော့ Carli Lloyd က ဂျပန်ဂိုးသမား ရှေ့ထွက်နေတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်စည်းကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂျပန်အသင်းက ဒုတိယပိုင်းအစမှာ ဂျပန်အသင်းက ဂိုးရှေ့တင်တာကို အမေရိကန်နောက်တန်းလူ ဂျွန်စတင် ခေါင်းတိုက်ဖျက်ထုတ်တာမှာ ကိုယ့်ဂိုးကိုယ် သွင်းလိုက်မိတဲ့အတွက် ဂျပန်အသင်း ဒုတိယဂိုးရခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အသင်းက ဟိသ် (Heath) က ၂ မိနစ်အကြာမှာ ပြန်သွင်းလိုက်လို့ နောက်ဆုံးမှာ အမေရိကန်က ၅ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်တွေမှာလည်း အနိုင်ရခဲ့တာကြောင့် ဒါဟာ အမေရိကန်အတွက် တတိယအကြိမ် ဗိုလ်စွဲတာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဖိုင်နယ်မှာ ၃ ဂိုးသွင်းသွားတဲ့ အမေရိကန်အသင်းခေါင်းဆောင် Carli Lloyd က ရသွားပြီး ဂျပန် အသင်းခေါင်းဆောင် မီယာမကတော့ တတိယအကောင်းဆုံးဘောလုံးသမားဆုကို ရသွားပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆုကိုတော့ အမေရိကန် ဂိုးသမား Hope Solo က ရရှိသွားခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG