သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲ အကြိုသုံးသပ်ချက်


Abby Wambach
Abby Wambach

၇ ကြိမ်မြောက် FIFA အမျိုးသမီးကမ္ဘာ့ဖလားဖိုင်နယ်ကို ဂျပန်နဲ့အမေရိကန်အသင်းတို့ ကနေဒါနိုင်ငံ Vancouver မြို့မှာ တနင်္ဂနွေ နေ့မှာ ဗိုလ်လုကြမှာပါ။ ဒီပဲွဲအတွက် အသင်း ၂ သင်းရဲ့ ပြင်ဆင်နေတဲ့အခြေအနေနဲ့ ပွဲကြိုသုံးသပ်ချက်ကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ လက်ရှိကမ္ဘာ့ချန်ပီယံ ဂျပန် နဲ့ အိုလံပစ်ချန်ပီယံအမေရိကန်အသင်းတို့ ဗိုလ်လုကြမှာပါ။ ဒီနှစ်သင်းဟာ ၂၀၁၁ ကမ္ဘာ့ဖလားဖိုင်နယ်မှာလည်း တွေ့ခဲ့ကြပြီး အဲဒီတုန်းက ဂျပန်ကနိုင်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာပါ။ အဲဒီအရှုံးက အခုချိန်ထိ နာကျင်နေတုန်းပဲလို့ အမေရိကန်တိုက်စစ်မှူး Abby Wambach က ပြောပါတယ်။

“အဲဒီ ၂ဝ၁၁ ဇူလိုင် ၁၇ ရက်နေ့ ရှုံးလိုက်တဲ့နေ့ကတည်းက ဒီအရှုံးက ကျမတို့ကို အမြဲတမ်းသတိပေးနေပါတယ်။ ကျမတို့ကြားထဲမှာ ဒါကြီးကအမြဲတမ်းရှိနေပြီး နိုင်ချင်စိတ်ကိုပြင်းထန်စေသလို အပြင်းအထန်လေ့ကျင့်အောင် တွန်းအားပေးပါတယ် အဲဒီခါးသီးတဲ့အရှုံးက အခုချိန်ထိရှိနေတုန်းပါပဲ။”

ဒါ့အပြင် သူ့အနေနဲ့ ကမ္ဘာ့ဖလားကို ဗိုလ်စွဲချင်တယ်လို့ Abby Wambach က ပြောပါတယ်။ ဂျပန်အသင်းကလည်း လန်ဒန်အိုလံပစ်မှာ ရှုံးထားတဲ့အရှုံးက သူတို့ကို ဒီပွဲမှာ အနိုင်ရအောင် တွန်းအားပေးနေတယ်လု့ိ ပြောလိုက်ပါတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်ပြီး အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့် က အခုလို သုံးသပ်ထားပါတယ်။

“အမေရိကန်မှာ အားသာချက်ရှိတာကတော့ ….ကစားတဲ့နေရာမှာ ကျွမ်းကျင်တယ်။ ဘောလုံး တဦးချင်းကောင်းတယ်။ တဦးချင်းကျွမ်းကျင်တဲ့နေရာမှာ အမေရိကန်က သာတယ်ဗျာ။ ဂျပန်ကကျတော့ ဘောလုံးကစားရာမှာ တဦးချင်းကျွမ်းကျင်မှုက အမေရိကန်လောက် မကောင်းပေမယ့် အသင်းလိုက်…ကကျတော့ သူက ပိုကောင်းတယ်။…… ”

ဆိုတော့ အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်က ဒီပွဲအပေါ်မှာ ဘယ်လိုခန့်မှန်းပါသလဲ။

“ဂျပန်ထက်စာလို့ရှိရင် ကျနော်က အမေရိကန်ကို ပိုကြိုက်တယ်။ အမေရိကန်မှာက လိုအပ်လို့ရှိရင် ပယ်နယ်တီ…သူများထက် ကန်နိုင်တဲ့ ဘောလုံးသမားတွေ ပါတယ်။ တွန်းအား၊ တိုးအားကောင်းတဲ့ဘောလုံးသမားတွေပါတယ်ပေါ့။ ဂျပန်ကျတော့ …အလုံးအထည်ကစ မတူဘူးလေ။ အမေရိကန်ရဲ့ကစားအားကို ကျနော်က ပိုပြီးကြိုက်တယ်။ ဂျပန်က ပြီးခဲ့တဲ့နှစ်ကလို မာမာထန်ထန် တောင့်တောင့်တင်းတင်း ကစားနိုင်တာမျိုး သိပ်မတွေ့ရဘူး။ ဆိုတော့ ကျနော်ကတော့ အမေရိကန်ပဲနိုင်သွားလိမ့်မယ်လို့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။”

အမေရိကန်အသင်းဟာ ၁၉၉၁ နဲ့ ၁၉၉၉ မှာ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဗိုလ်စွဲထားပြီး ကမ္ဘာ့ချန်ပီယံ ဂျပန်အသင်းကတော့ ၂၀၁၁ မှာ တကြိမ် ဗိုလ်စွဲထား တာပါ။ ဆိုတော့ ဂျပန်အသင်းက ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်ထိန်းပြီး အိုလံပစ်ရှုံးကြွေးကို ဆပ်သွားမလား၊ အမေရိကန်ကပဲ ၂၀၁၁ က ရှုံးကြွေးကို ချေ ဖျက်ပြီး ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ဗိုလ်စွဲသွားမလားဆိုတာကတော့ မြန်မာစံတော်ချိန် တနင်္လာနေ့မနက် ၅ နာရီခွဲမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG