သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA တာဝန်ရှိသူ ၁၄ ဦး အဂတိလိုက်စားမှုနဲ့ တရားစွဲခံရ


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ လက်ရှိနဲ့ အရင်က ထိပ်တန်းတာဝန်ရှိသူတွေအပေါ် အကျင့်ပျက် ခြစားမှုဆိုင်ရာ ရာဇဝတ်ကြောင်း စွဲချက်တွေ အမေရိကန် ပြည်ထောင်စုက စွဲတင်လိုက်သလို ဆွစ်ဇာလန် တာဝန်ရှိသူတွေကလည်း သီးခြား စုံစမ်းစစ်ဆေးမှု တခုလုပ်နေပါတယ်။

၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲတွေအတွက် လုပ်ပိုင်ခွင့်တွေ ပေးတာနဲ့ဆက်စပ်တဲ့ စွပ်စွဲချက်တွေအပေါ် ဆွစ်ဇာလန် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတာပါ။ အမေရိကန်ရဲ့ ပြစ်မှုဆိုင်ရာစွဲချက်ထဲမှာ လူ ၁၄ ဦးအပေါ် စွဲချက် ၄၇ ခု ပါဝင်ပါတယ်။

အဲဒီထဲမှာ တရားမဝင်လုပ်ငန်းနဲ့ အသက် မွေးမှု၊ ငွေလွှဲပြောင်းခြင်းဆိုင်ရာ မသမာမှု၊ ငွေမည်းခဝါချမှု စတဲ့ စွဲချက်တွေပါဝင်ပါတယ်။ ဘောလုံးပြိုင်ပွဲတွေအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အရေးတွေရဖို့ အားကစား သတင်းမီဒီယာတွေရဲ့ အရာရှိတွေက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ပေးခဲ့တာ၊ ဒါမှမဟုတ် ပေးဖို့သဘောတူထားတာတွေ ပါဝင်တဲ့ အကြံအစည်တခု ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ အကျင့်ပျက်ခြစားပြီးတော့ သူတို့ကိုယ်သူတို့ ချမ်းသာအောင်လုပ်တဲ့ ၂၄ နှစ်ကြာ အကြံအစည် တခုအဖြစ် အမေရိကန် တရားရေးဌာနက ပြောပါတယ်။

FIFA တာဝန်ရှိသူ ၇ ဦးကို ဆွစ်ဇာလန်အာဏာပိုင်တွေက ဒီကနေ့မှာ ဖမ်းဆီးပြီး အမေရိကန် ပြည်ထောင်စုဆီ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေကလည်း ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ဒီကနေ့ ရှာဖွေ စစ်ဆေးတာတွေ ထပ်လုပ်ပါတယ်။ နောက်ထပ် လူ ၄ ဦးက ဒီအမှုမှာ အပြစ်ရှိတယ်ဆိုတာ ဝန်ခံထားပြီးပြီလို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

အမေရိကန်နဲ့ ဆွစ်ဇာလန်က အမှု ၂ ခုစလုံးမှာ လက်ရှိ FIFA ဥက္ကဋ္ဌ Sepp Blatter မပါဘူးဆိုတာ FIFA ရဲ့ ဆက်သွယ်ရေးနဲ့ အများပြည်သူရေးရာ ညွှန်ကြားရေးမှူးက သတင်းထောက်တွေကို အတည်ပြု ပြောဆိုထားပါတယ်။

XS
SM
MD
LG