သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်ရေးဆိုင်းငံ့


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အဆင့်မြင့်အရာရှိတွေ ပါဝင်ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

လတ်တလော အခြေအနေမှာ အိမ်ရှင်အဖြစ် ရွေးချယ်တဲံ လုပ်ငန်းတွေကို စလုပ်မယ်ဆိုရင် ဘာမှအဓိပ္ပါယ်ရှိမှာလည်း မဟုတ်ဘူးလို့ FIFA အတွင်းရေးမှူးချုပ် Jerome Valcke က ဒီကနေ့ပဲ ရုရှားနိုင်ငံက သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ခဲ့တာပါ။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၇ ခုနှစ်ကျရင် မလေးရှားနိုင်ငံမှာ FIFA အဖွဲ့ဝင်တွေက ရွေးချယ်ဆုံးဖြတ်ဖို့ စီစဉ်ထားပေမဲ့ အခုအခါ ဆုံးဖြတ်ချက်ချမယ့်အချိန်ကို ရှင်းရှင်းလင်းလင်း မသိရတော့ပါဘူး။

အိမ်ရှင်အဖြစ် ကမ်းလှမ်းမယ့် နိုင်ငံတွေထဲမှာတော့ အမေရိကန်၊ ကနေဒါ၊ မက္ကစီကိုနဲ့ ဥရောပနိုင်ငံတွေ ပါဝင်လိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။ FIFA တာဝန်ရှိသူ ၉ ယောက်နဲ့ အမှုဆောင်အရာရှိ ၅ ယောက်ကိုတော့ ငွေကြေးမသမာမှု၊ တရားမဝင် လွဲှပြောင်းမှု၊ ငွေမည်းခဝါချမှုတွေ အပါအဝင် စွဲချက်အများအပြားနဲ့ အမေရိကန်က ပြီးခဲ့တဲ့လထဲမှာပဲ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံကလည်း ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်နိုင်ငံတွေအဖြစ် ရုရှားနဲ့ ကာတာနိုင်ငံတွေကို ရွေးချယ်ရာမှာ မမှန်မကန်ဆောင်ရွက်ခဲ့မှု၊ ငွေမည်းခဝါချမှု စွပ်စွဲချက်တွေအပေါ် သီးခြားစုံစမ်းစစ်ဆေး နေပါတယ်။

FIFA ဥက္ကဋ္ဌ Sepp Blatter ကတော့ ပြစ်မှုတစုံတရာနဲ့ အရေးယူမခံရပေမဲ့လည်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ရာထူးက နှုတ်ထွက်မယ့်အကြောင်း ကြေညာထားပြီး ဒီနှစ်ဒီဇင်ဘာလကနေ ရှေ့နှစ်မတ်လအတွင်း ဥက္ကဋ္ဌသစ်တဦး မရွေးချယ်နိုင်ခင် ကာလမှာ ဆက်လက် တာဝန်ယူသွားမယ်လို့ လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG