သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေမည်းခဝါချမှု ၅၃ မှုအတွက် FIFA အပေါ် ဆွစ်ဇာလန်စုံစမ်းစစ်ဆေး


၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရွေးချယ်ရာမှာ မမှန်မကန် ဆောင်ရွက်ခဲ့မှု အပါအဝင် တခြား ငွေမည်းခဝါချမှုပေါင်း ၅၃ ခုနဲ့ ပတ်သတ်လို့ ဆွစ်ဇာလန် အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။

ငွေကြေးအလွှဲအပြောင်း စာရင်းဇယားတွေကို ဘဏ်တွေကနေ ဆွစ်ဇာလန် ငွေမည်းခဝါချမှု တိုက်ဖျက်ရေးဌာနကို အသိပေး အကြောင်းကြားခဲ့တယ်လို့ ဆွစ်ဇာလန် ရှေ့နေချုပ် Michael Lauber က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒီဘဏ်တွေအနေနဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ထုတ်ဖော်ပြောဆိုတဲ့အတွက် တာဝန်ကျေခဲ့ပြီး ဒီကိစ္စရပ်ဟာ ကျယ်ပြန့်ပြီး ရှုပ်ထွေးတယ်လို့ Mr. Lauber က သတိပေး ပြောဆိုခဲ့ပါတယ်။

ငွေကြေးအရှုပ်တော်ပုံသတင်းတွေ ထွက်ပေါ်အပြီး ရာထူးက နှုတ်ထွက်သွားခဲ့တဲ့ FIFA ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Sepp Blatter အင်တာဗျူးမလုပ်ဖို့ သူ့အနေနဲ့ တားဆီးခဲ့တာမျိုး မရှိကြောင်းလည်း Mr. Lauber က ပြောပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲတွေအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းဖို့ ရုရှားနဲ့ ကာတာကို ရွေးချယ်ခဲ့မှုနဲ့ ပတ်သတ်လို့ ဆက်စပ်နေတဲ့ လာဘ်စားမှု ငွေကြေးအရှုပ်တော်ပုံနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အပေါ် စွပ်စွဲချက်တွေကို ဆွစ်ဇာလန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမှာပါ။

အဖွဲ့အစည်းအပေါ် အလွဲသုံးစားပြုမှု၊ တရားမဝင် ငွေလွှဲပြောင်းမှုနဲ့ ငွေမည်းခဝါချမှုနဲ့ ပတ်သက်လို့ FIFA အရာရှိ ၉ ဦးနဲ့ လုပ်ငန်းရှင်ကြီး ၅ ဦးတို့အပေါ် အမေရိကန်အစိုးရကလည်း သီးခြား စွဲချက်တင်ထားပါတယ်။ အခုလို အရှုပ်အထွေးကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့နိုင်ငံ ရွေးချယ်မှုကိုတော့ FIFA က ဆိုင်းငံ့ထားပါတယ်။

XS
SM
MD
LG