သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA အဖွဲ့ချုပ် ဥက္ကဌရာထူး ရွေးချယ်ပွဲ သောကြာနေ့ကျင်းပမည်


FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ နာမည်ပျက်နေတဲ့ FIFA ဥက္ကဋ္ဌဟောင်း Sepp Blatter နေရာမှာ အစားထိုးမယ့် ဥက္ကဋ္ဌအသစ် ရွေးကောက်ပွဲကို လာမယ့် သောကြာနေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ အဆိုးရွားဆုံး နာမည်ပျက်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် အစီအစဉ်အတွက်လည်း မဲပေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌအသစ် ရွေးချယ်မှုကို ရက်ရွှေ့ဆိုင်းဖို့ ဝင်ရောက်အရွေးခံတဲ့ ကိုယ်စားလှယ်တဦးက ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ တောင်းဆိုချက်ကို FIFA က ပယ်ချလိုက်ပြီး Extraordinary Congress လို့ခေါ်တဲ့ အထူးညီလာခံကို Zurich မြို့မှာ ကျင်းပဖို့ စီစဉ်လိုက်ပါတယ်။

FIFA အဖွဲ့ရဲ့ ထိပ်တန်းအရာရှိတွေရဲ့ သက်တမ်းကို ကန့်သတ်တာနဲ့ သူတို့ ဝင်ငွေ ဘယ်လောက် ရှိတယ်ဆိုတာကို ထုတ်ဖော် ပြောဆိုရမယ့် အချက်တွေ ပါဝင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် အဆိုပြုချက်တွေကို အဖွဲ့ဝင်တွေအနေနဲ့ အတည်ပြုပေးဖို့ FIFA က တောင်းဆိုထားပါတယ်။

ဒါဇင်ပေါင်းများစွာသော FIFA အရာရှိတွေအပေါ် အကျင့်ပျက် ခြစားမှုတွေနဲ့ အမေရိကန်ပြည်ထောင်စုက တရားစွဲဆိုခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံကလည်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဖြစ်ပေါ်လာတာပါ။

FIFA အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Sepp Blatter ရဲ့ တရားဝင်သက်တမ်းဟာ အခုသီတင်းပတ်ကုန်မှ ကုန်ဆုံးမှာဖြစ်တာကြောင့် သူ့အနေနဲ့ အထူးညီလာခံကို တက်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် သူ့အပေါ် ချမှတ်ထားတဲ့ ၈ နှစ်ကြာ ပိတ်ပင်မှုကို အသနားခံတာ မအောင်မြင်ခဲ့တဲ့အတွက် တက်ရောက်ခွင့် မရတော့ပါဘူး။

သူ့အပေါ် ၈ နှစ်ကြာ ပိတ်ပင်မှုကို လျှော့ချပေးဖို့ အယူခံဝင်ခဲ့ရာမှာ ဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီက FIFA မှာ Blatter ရဲ့ စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ပင်တဲ့ သက်တမ်းကို ၆ နှစ်အထိ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG