သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ဗိုလ်လုပွဲ ၂၀၂၆ ကစလို့ ၄၈ သင်းထိ တိုးကစားမည်


ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲတွေမှာ လက်ရှိ ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့ဖို့ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ အုပ်ချုပ်ရေးကောင်စီမှာ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်ကစပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ အသင်း ၃ သင်းစီပါတဲ့ အုပ်စု ၁၆ စုမှာ ပထမအဆင့် ကန်ကြရမှာပါ။ အုပ်စုပတ်လည်ကန်ပြီး စုစုပေါင်း တက်လာမယ့် ၃၂ သင်း အလှည့်ကျရင်တော့ ရှုံးထွက်ကန်ကြရမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကျင်းပချိန် ၃၂ ရက် ကြာသွားမှာဖြစ်သလို စုစုပေါင်း ပွဲစဉ်ပေါင်းကလည်း ၆၄ ပွဲကနေ ပွဲ ၈၀ ဖြစ်သွားမှာပါ။ ဒါပေမဲ့ အဆင့်ဆင့်နိုင်လာတဲ့ နောက်ဆုံးကျန် အသင်းတွေအတွက်ကတော့ စုစုပေါင်း ၇ ပွဲပဲ ကစားရမှာ ဖြစ်ပါတယ်။

ဥရောပကလပ်အသင်းတွေမှာ ကစားကြတဲ့ ဘောလုံးသမား အများအပြားက သူတို့ကိုယ်စားပြု နိုင်ငံအသင်းတွေအတွက် ဝင်ကန်ကြတာမို့ ခုလို ကမ္ဘာ့ဖလားပွဲစဉ်တွေ အချိန်ကြာသွားတဲ့အပေါ် ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက ကန့်ကွက်ကြပါတယ်။ FIFA ဥက္ကဋ္ဌ Gianni Infantino အနေနဲ့ ပြီးခဲ့နှစ်တာဝန်ယူချိန်ကစလို့ အခုလို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်နိုင်တဲ့အသင်းတွေ တိုးချဲ့ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

အခုလို ကိုယ်စားပြုနိုင်ငံအသင်းတွေ ပိုများပြီး ပါဝင်လာမယ့်အတွက် FIFA အတွက် ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံလောက် အကျိုးအမြတ် ပိုရနိုင်တယ်လို့ ဘောလုံးအကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ နိုင်ငံကိုယ်စားပြုအသင်းပေါင်း ၃၂ သင်း ပါဝင်နိုင်ဖို့ ၁၉၉၈ ခုနှစ်ထဲက သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ၁၉၉၈ ခုနှစ်ထဲကစလို့ ပထမဆုံး ကမ္ဘာဖလားဗိုလ်လုပွဲ တိုးချဲ့မှုအဖြစ် မြင်နိုင်ပါတယ်။

XS
SM
MD
LG