သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တပ်ဖွဲ့ ဆုတ်ခွာဖို့ အစိုးရစစ်တပ် ရာဇသံပေး


ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။
ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။
ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေအနေနဲ့ သူတို့ရဲ့ ဌာနချုပ်ဖြစ်တဲ့ လဂျာယန်ကနေ ဒီဇင်ဘာလ ၂၅ရက် ခရစ်စမတ်နေ့ကနေ နောက်ဆုံးထားပြီးတော့ ဆုတ်ခွာပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စာပို့ပြီးတော့ အကြောင်းကြားထားပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ရဲ့ လက်မှတ်နဲ့ စာကို ဒီဇင်ဘာလ ၂၄ ရက်က လက်ခံရရှိခဲ့ပြီးတော့ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေကရော အဲ့ဒီ့မှာ ပူးတွဲတိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့တွေကရော တပ်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ အခုလက်ရှိမှာ လဂျားယန်စခန်းဆီကို ဦးတည်ပြီးတော့ အစိုးရစစ်တပ်ဘက်က တက်လာနေသလို လက်နက်ကြီးတွေနဲ့လည်း မိနစ်ခြားပြီး တလုံးချင်း ပစ်ခတ်နေတယ်လို့ ABSDF အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ မခွာညိုက ပြောပြပေးပါမယ်။

ကချင်ပြည်နယ်၊ လဂျားယန်ဒေသမှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ နဲ့ ABSDF တပ်ဖွဲ့ဝင်တွေကို ၂၅ ရက်နေ့ နောက်ဆုံးထားပြီး တပ်ဆုတ်ပေးဖို့ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ရဲ့လက်မှတ်နဲ့ စာပို့ခဲ့တာပါ။ စာပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကေအိုင်အေ ပြောခွင့်ရသူ ဦးလာနန်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“တောင်ကုန်းပေါ်မှာရှိတဲ့ ကေအိုင်အေတပ်စခန်းတွေကို ဒီဇင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားပြီးတော့ ဆုတ်ပေးဖို့ဆိုတဲ့ သတိပေးတဲ့ ရာဇသံစာတစ်စောင် တို့ ဒီနေ့ပဲ ရပါတယ်။ တိုင်းမှူးရဲ့ လက်မှတ်နဲ့ပါ၊ ရှေ့တန်းတွေမှာ စစ်ဆင်ရေး၊ စစ်အင်အားဖြည့်တင်းမှုကို လေ့လာကြည့်မယ်ဆိုရင်တော့ ၂၅ရက်နေ့ ကျော်လွန်တဲ့အခါမှာ သူတို့ဘက်က ထိုးစစ်ကို ကြီးကြီးမားမားဆင်လာနိုင်စရာရှိတယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်ခင်ဗျ။ ဒါပေမဲ့ စာထဲမှာတော့ ၂၅ရက်နေ့ကျော်သွားတဲ့အခါ ဘယ်လိုဖြစ်မယ်ဆိုတဲ့ကိစ္စမျိုးတော့ ရေးထားတာမျိုး မရှိဘူး။ ဒါပေမဲ့ စာထဲမှာတော့ သတိပေးခြင်းဆိုတဲ့ သင်္ကေတပါလာတဲ့အခါမှာ ဒါ ရာဇသံပေးတာနဲ့ အတူတူပဲခင်ဗျ။ ဒါကြောင့်မို့ ဒီ၂၅ရက်နေ့ ကျော်ပြီးမှ ကျနော်တို့ဘက်က လိုက်နာမှုမရှိဘူးဆိုရင်တော့ သူတို့လည်း အားလုံးပြင်ဆင်ပြီးသားပါ။ ဒီဗဟိုဌာနချုပ် တည်ရာ လိုင်ဇာဘက်ကို ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးတွေကို တော်တော်လေး နေရာဖြန့်ကျက်ပြီးမှ ချထားတာလည်းရှိတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ခြေလျင်တပ်ဖွဲ့တွေလည်း တုန့်ဖိုးယန်မှာ တော်တော်လေးလည်း စုမိနေကြပြီ။ ဝိုင်းမော်ဘက်က လာတဲ့လမ်းကြောင်းပေါ်မှာ ကန်တော်ရွာမှာ သူတို့အခုအချိန်မှာ နားနေတဲ့ သူတို့လက်နက်ပစ္စည်းတွေ တင်ဆောင်ပြီး မနေ့က သူတို့ ကန်တော်ဘက်ကို စစ်ကြောင်းချီနေကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မနက်ဖြန် တစ်ရက်ကျော်သွားတဲ့အခါမှာတော့ အဲ့ဒီ့ချီတက်လာတဲ့ စစ်ကြောင်းတွေနဲ့တော့ တိုက်ပွဲတော့ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်စရာ ရှိတယ်လို့ ခန့်မှန်းနိုင်တယ်။”


ဒီသတိပေးချက်ဟာ တိုင်းမှူးထွက်ဖို့အတွက် ခရီးစဉ်တလျှောက်ကို လမ်းကြောင်းရှင်းတာမျိုး မဟုတ်ဘဲ လဂျားယန်ဒေသကို အပြီးသတ် ထိန်းချုပ်ဖို့အတွက် ရည်ရွယ်တယ်လို့ ယူဆကြောင်း ဦးလာနန်ကပြောပါတယ်။ အခု ထိုးစစ်ဆင်မှုဟာ လိုင်ဇာဌာနချုပ်ရဲ့ ရှေ့တန်း အချက်အခြာကျတဲ့ ကင်းစခန်းကို သိမ်းပိုက်ဖို့ ပြင်ဆင်တာဖြစ်ပြီး လိုင်ဇာဌာနချုပ်ကို သိမ်းပိုက်လိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး အဲဒီဒေသတဝိုက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် KIO ဘက်က ဆုတ်ခွာပေးလိုက်ရတဲ့ တပ်စခန်းတွေ ရှိခဲ့ကြောင်းကိုလည်း အခုလို ပြောပြပါတယ်။

“အခုကတော့ ဒီ သူတို့ရဲ့ ခရီးသွားလာမှုမှာ သူတို့လမ်းကြောင်းရှင်းတဲ့ပုံစံလည်း မဟုတ်ပါဘူးခင်ဗျ။ အဲ့ဒီ့ဒေသတဝိုက်မှာ အမြဲတမ်းစခန်းသိမ်းတိုက်ပွဲတွေ၊ သူတို့ စစ်ကြောင်း စစ်ဆင်ရေးလှုပ်ရှားမှုတွေ၊ အမြဲတမ်းပြုနေတဲ့နေရာတွေပါ။ အခုမှဖြစ်တဲ့ ကိစ္စမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၁ကစပြီး အဲ့ဒီ့ဒေသတဝိုက်မှာ တော်တော်များများ စစ်ဆင်လာပြီးမှ သူတို့စခန်းတွေသိမ်းခဲ့တဲ့နေရာတွေလည်း ရှိတယ်။ ဘွန်ဆောင်စခန်းဆိုရင် ကျနော်တို့ကချင်စခန်းပါ။ အဲ့ဒီ့မှာ သူတို့ မနှစ်တုန်းက စက်တင်ဘာမှာ သူတို့လာသိမ်းပိုက်ပြီးမှ သူတို့ အမြောက်တပ်စခန်းတွေချထားတာရှိတယ်။”

အခု တက်လာတဲ့ အစိုးရစစ်တပ်အင်အားဟာ ၈၀၀ ကျော်လောက် ရှိတယ်လို့ ရှေ့တန်းစခန်းမှာ ရှိနေတဲ့ အေဘီအက်စ် ဒီအက်ဖ် အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ဦးလာနန်ကတော့ အင်အား ကိန်းဂဏန်းက အရေးမကြီးကြောင်းနဲ့ မြန်မာအစိုးရစစ်တပ်ဘက်က ဘာကို ရည်ရွယ်သလဲဆိုတာသာ အရေးကြီးကြောင်း ပြောပါတယ်။

“ဘယ်နားမှာ ရောက်နေနေ၊ စစ်တပ်အင်အားက ဘယ်လောက်ရှိတယ်ဆိုတာ ဒါ သိပ်တော့ အရေးမကြီးပါဘူး။ သူတို့ ဒီဗဟိုဌာနချုပ် လိုင်ဇာကို ဘယ်လိုနဲ့ စစ်ဆင်ရေးလုပ်မယ်ဆိုတာ အဓိက၊ အဲ့တာပါ။ အခု ကျနော်တို့ လေ့လာမိသလောက်ပေါ့နော်၊ ရတဲ့သတင်းအရ လိုင်ဇာကို လက်လှမ်းမှီပြီးမှ ပစ်ခတ်နိုင်တဲ့ ၁၀၅ မမ ရယ်၊ ၁၁၀ မမတွေရယ်ကို သူတို့နေရာတော်တော်များများ ဖြန့်ကျက်ထားပြီးမှပဲ ကျနော်တို့ ကေအိုင်အေ ဌာနချုပ်ကို ချိန်ရွယ်ပြီးသားဖြစ်တယ်။ လွန်ခဲ့တဲ့ အပတ်တုန်းကလည်း ကျနော်တို့ဗဟိုဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားပြီး စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ပြီးသားဖြစ်တယ်။”

ABSDF အဖွဲ့ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်မှုးမင်းဌေးကလည်း အခုလို ရာဇသံဆန်တဲ့ အကြောင်းကြားစာကြောင့် တပ်ဆုတ်ပေးစရာ အကြောင်း မရှိဘူးလို့ ပြောပါတယ်။

“ ကျနော်တို့ဘက်က ဆုတ်ပေးနိုင်စရာ၊ ဆုတ်ပေးစရာအကြောင်းတော့မရှိဘူး။ ကျနော်တို့က ဒီမှာမဟာမိတ် ကေအိုင်အိုနဲ့အတူတူ ကျနော်တို့ တပ်စွဲပြီးနေတဲ့ စခန်းနေရာတွေဖြစ်တယ်။ ကျနော်တို့က ထိုးစစ်လုပ်နေတာမဟုတ်ဘူး။ ကျနော်တို့က အရှေ့ကို သွားထိုးနေတာမဟုတ်ဘူး။ အဲ့တာအတွက် ကျနော်တို့က ဆုတ်ပေးစရာအကြောင်းမရှိဘူး။”

ကေအိုင်အေဘက်ကတော့ အခုလို မြန်မာအစိုးရတပ်ဘက်က ရာဇသံဆန်တဲ့ အကြောင်းကြားစာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထိခိုက်ပျက်ပြားစေနိုင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးဆွေးမှုတွေကို ဆောင်ရွက်နေတဲ့ ဝန်ကြီး ဦးအောင်မင်းဆီကို ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့စွဲနဲ့ စာတစောင် ပြန်လည်ပေးပို့ခဲ့တဲ့အကြောင်း ကိုလည်း ဦးလာနန်က ပြောပါတယ်။
XS
SM
MD
LG