သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလခဲမြို့နယ် ရွာသစ်မြို့မှာ ပြည်သူရာချီ ပိတ်မိနေ


ကယားပြည်နယ်၊ ဘောလခဲမြို့ (Credit: Google)
ကယားပြည်နယ်၊ ဘောလခဲမြို့ (Credit: Google)

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲတွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့ကို စစ်တပ်က ပိတ်ဆို့ထားတဲ့အတွက် မြို့ခံရာနဲ့ချီ ပိတ်မိနေကြပါတယ်။ မြို့ကို ပိတ်ထားသလို မြို့ခံတချို့ကို ကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်မှု ရှိမရှိ ဖမ်းဆီးနှိပ်စက် စစ်ဆေးမေးမြန်းမှုတွေ စစ်တပ်က လုပ်နေတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်။ ဖုန်းလိုင်းနဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေလည်း ဒေသခံတွေ ကြုံတွေနေရတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

တိုက်ပွဲတွေ နေရာအနှံဖြစ်နေတဲ့ ကယားပြည်နယ်မှာ ဇွန်လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ဘောလခဲမြို့နယ်ထဲက ရွာသစ်မြို့ကို ဝင်ရောက်တပ်စွဲနေပါတယ်။ တပ်စွဲထားတဲ့ စစ်တပ်က မြို့ကို ပိတ်ဆို့ထားတဲ့အတွက် မြို့ထဲမှာ ပိတ်မိနေကြသူ ရာနဲ့ချီ ရှိနေပါတယ်။ ကရင်နီလူအခွင့်အရေးတည်ထောင်သူ ကိုဗညားကတော့ စစ်တပ်တွေ ပိတ်ဆို့ထားလို့ မြို့ခံရာနဲ့ချီ ပိတ်မိနေတယ်လို့ ပြောပြပါတယ်။

“ဇွန်လကုန်ပိုင်းကတည်းက ပိတ်မိတာ ရှိတယ်ပေါ့နော်။ လူဦးရေ ၅၀၀ ဝန်းကျင် ရှိပါတယ်။ အဲ့ဒီပိတ်မိတဲ့လူက အခုချိန်ထိက ရွာအပြင်ကိုထွက်ခွင့် စစ်ကောင်စီက ပိတ်ထားတယ်လေနော်။ အဲ့ကြောင့်မို့ ဓါးစာခံပုံစံမျိုးနဲ့တော့ ရှိနေပါတယ်။ ရွာတောက်လျှောက် ဘေးပတ်ဝန်းကျင်အားလုံးမှာ စစ်ကောင်စီ ရှိတယ်။ စစ်ကောင်စီကလည်း ဒီတပ်အားတွေ တပ်တွေဖြည့်ထားတာ ရှိတယ်ပေါ့နော်။ လောလောဆယ် ရွာသားတွေကိုတော့ ဒီလိုမျိုး ရွာခံတွေ ပေးမထွက်တာတွေတော့ ရှိပါတယ်။ ဒီဓါးစာခံပုံစံမျိုးနဲ့ ဖမ်းထားတယ်ပြောပြော ခေါ်ထားတယ်ပြောပြော အဲ့လိုမျိုးရှိပါတယ်။”

ရွာသစ်မြို့တဝိုက်မှာလည်း စစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြို့ထဲက ဒေသခံတချို့ကို စစ်တပ်က ဖမ်းဆီးပြီး ကာကွယ်ရေးတပ်တွေနဲ့ ပါတ်သက်မှု ရှိမရှိ နှိပ်စက် မေးမြန်းတာတွေလည်းရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ရွာထဲမှာရှိတဲ့ ပြည်သူတွေပေါ့နော်၊ တချို့ဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ပြည်သူတွေကို ဒါအပြင်မထွက်ခိုင်ဘူးပေါ့နော်။ တချို့ဓါးစာခံပုံစံမျိုး ဖမ်းထားတာပေါ့နော်။ အပြင် လွတ်လွတ်လပ်လပ် သွားခွင့်မပြုဘူး။ တချို့အဲ့ဒီကျေးရွာသား တချို့ကိုလည်း သူတို့က ဒါဖမ်းဆီးနှိပ်စက်တာတွေ ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့နဲ့ ပတ်သက်လာ မပတ်သက်ဘူးလာ စသဖြင့်ပေါ့နော်။ အဲ့လိုမျိုး သူတို့စစ်ဆေး မေးမြန်းပြီးတော့ ဖမ်းဆီးတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါအရပ်သား ၃၀၀ လောက်ကလည်း အဲ့ရွာထဲမှာပဲ မြို့ထဲမှာပဲ ခံနေတယ်ပေါ့နော်။ စစ်ကောင်စီက ပေးမထွက်တာမျိုးဖြစ်တယ်ပေါ့။”

ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်ခြင်း မရှိပါဘူး။ ကယားပြည်နယ်ထဲက စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က ဖုန်းလိုင်းဖြတ်တောက်တာ သွားလာရေးပိုမိုတပ်ကြပ်တာတွေလည်း လုပ်နေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထဲက စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်နေတဲ့ထဲမှာ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်ဟာလည်း အပြင်းအထန် တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသထဲမှာ ပါဝင်ပါတယ်။ ပစ်ခတ်သံတွေ နေရာအနှံကြားနေရတယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။ ဒီနေ့ ဩဂုတ်လ ၅ ရက်နေ့မှာကို ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ တနေ့ကုန် နှစ်ဖက်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ အနီးအနားမှာ ပုန်းရှောင်နေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦးက အခုလို ပြောပါတယ်။

“ငြိမ်တော့ တခါမှမငြိမ်ဘူး။ တိုက်ပွဲမရှိတောင်မှ သူတို့ဟာသူတို့ ပစ်နေတယ်။ အခုတိုက်ပွဲရှိနေတယ်၊ ဖြစ်နေတယ်တနေ့ကုန်ပေါ့။ နေရာတော့ သေချာမပြောတတ်ဘူးပေါ့နော်။ ဒါပေမယ့် ရွာကနေပြီးတော့ သူတို့ လက်နက်ကြီး လက်နက်ငယ်ရော အကုန်လုံးကြားရတာပေါ့နော်။”

ဒီးမော့ဆိုအရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်ကတည်းက ဒီနေ့အထိ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာလို့ ပြောပါတယ်။

ဇူလိုင်လထဲမှာဆိုရင် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ KNDF ဒီနေ့ ထုတ်ပြန်တဲ့ လချုပ်စာရင်းမှာ ဖော်ပြထားပါတယ်။ လွိုင်ကော်မြို့အနီးတဝိုက်၊ ဖားဆောင်းမြို့အနီးတဝိုက်နဲ့ ဘောလခဲမြို့နယ် ရွာသစ်မြို့တို့အပြင် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာတွေဖက်မှာ တိုက်ပွဲပြင်းထန်ခဲ့အကြောင်း KNDF ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ KNDF ပါဝင်တဲ့ ပူးပေါင်းတပ်တွေအကြား စစ်ကောင်စီနဲ့ နှစ်ဖက် တိုက်ပွဲ (၃၃) ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးပြီး စစ်သုံ့ပမ်း ၃ ဦး ဖမ်းဆီးရမိတဲ့ အကြောင်း ထုတ်ပြန်ပါတယ်။ လက်နက်ပစ္စည်းတွေလည်း အမြောက်အများသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုက ၄၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေလည်း ထိခိုက်သေကြေခဲ့ကြရသလို သတ်ဖြတ်ခံရသူတွေလည်းရှိတာကို ထောက်ပြထားပါတယ်။ လက်နက်ကြီးတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေပါ ထိခိုက်ပျက်စီခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ဇူလိုင်လ စစ်ရေးအနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG