သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့နား ညီနောင်မဟာမိတ် စစ်ရှိန်မြှင့်


ညီနောင်မဟာမိတ်သုံးဖွဲ့
ညီနောင်မဟာမိတ်သုံးဖွဲ့

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးဘက် စစ်ရေးအရှိန် ဒီနေ့စမြှင့်လိုက်ပြီလို့ TNLA တအာင်းတပ်က ပြောလိုက်ပါတယ်။ မြောက်ပိုင်း တိုင်းရင်းသား ညီနောင် ၃ ဖွဲ့ရဲ့ တကျော့ပြန် စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာ MNDAA ကိုကန့်အဖွဲ့ ဦးဆောင်ပြီး စစ်ရှိန်မြင့်လိုက်တာ ဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက VOA ကို ပြောပါတယ်။

"ဒီနေ့ လားရှိုးမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားသိရပါတယ်။ သိန္နီဘက် လားရှိုးမရောက်ခင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ MNDAA ဦးဆောင်ပါတယ်လို့ သိရပါတယ်။ သို့ပေမဲ့ ဘယ်နား ဘယ်နေရာလဲဆိုတာကိုတော့ ကျမဆီမှာ အသေးစိတ်တော့ တက်လာခြင်းတော့ မရှိသေးဘူး။ ဒါက ၁၀၂၇ အပိုင်း ၂ ကတော့ အရှိန်တိုးမြှင့်တက်လာပြီ။ ကျမတို့ မျှော်မှန်းနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ရေး ပန်းတိုင်နဲ့ နီးနေပြီ။ ကျမတို့ မြန်နိုင်သလောက် သွားနေတဲ့ အနေအထား ဖြစ်ပါတယ်။"

လားရှိုး-သိန္နီ လမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဟူးကျေးရွာနားက စစ်ကောင်စီ ကာကင်းစခန်းမှာ ဒီနေ့ နေ့လည်ပိုင်း စတင်တိုက်ပွဲ ဖြစ်တာဖြစ်ပြီး စစ်ကောင်စီ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ထဲကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ပြောခဲ့ပါတယ်။

ကိုးကန့် MNDAA၊ တအာင်း TNLA နဲ့ အာရက္ခတပ်တော် AA တို့ပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာလမှာ စတင်ခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တရုတ်နိုင်ငံဘက်က ကြားဝင်မှုနဲ့ ဇန်နဝါရီလမှာ ၂ ဘက် ယာယီအပစ်ရပ်ခဲ့ကြပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၅ လကျော် တိုက်ပွဲတွေ ရပ်နေခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ပြန်လည်စတင်နေတာပါ။

ဒီလို တိုက်ပွဲတွေ ပြန်လည်မဖြစ်ခင် တရုတ်အစိုးရ အထူးကိုယ်စားလှယ် တိန့်ရှီချွမ်း (Deng Xijun) မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ တိုက်ပွဲတွေ ပြန်စတဲ့ ဇွန်လ ၂၅ ရက် ကြာသပတေးနေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ သွားတွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်း တည်ငြိမ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG