သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ ကချင်တပ်ဖွဲ့တွေ တိုက်ပွဲထပ်ဖြစ်


ကချင်လွတ်မြောက်ရေးတပ် KIA တပ်မတော်။
ကချင်လွတ်မြောက်ရေးတပ် KIA တပ်မတော်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူ အပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ အစိုးရတပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လဂတ်ယန်စစ်ရှောင်စခန်းနဲ့ အနီးအနားက ကျေးရွာတွေက လူ၁၀၀၀လောက်ဟာ မန်ဝိန်းကြီးကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေရသလို လူ၂၀၀ကျော် ဟာ တရုတ်ပြည်အတွင်းကို ထွက်ပြေးနေကြရပါတယ်။ ဒီတိုက်ပွဲဟာ ကြာသပတေးနေ့ မနက်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အထိလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် အတွင်းက လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲကတော့ မန်စီမြို့နယ် မန်ဝိန်းကြီးရွာနဲ့ ပန်ခမ်းရွာအနီးမှာ ဖြစ်ပွားနေပြီး ကြာသပတေးနေ့ မနက် ၁၀နာရီခွဲလောက်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် လက်နက်ကြီး ကျည်တွေဟာ လဂတ်ယန်စစ်ရှောင် ဒုက္ခသည်စခန်းနဲ့ ပန်ခမ်းရွာဖက်တွေကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အခုလို ထွက်ပြေး တိမ်းရှောင်နေရတာဖြစ်ပါတယ်။

မန်ဝိန်ကြီးဒေသခံတဦးက လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ စစ်ပြေးဒုက္ခသည်တွေ အခြေအနေကို အခုလို ပြောပါတယ်။

"မနေ့ကနေ စဖြစ်တယ်။ ရွာမှာလည်းဖြစ်ကြတယ်။ စစ်ပြေး ဒုက္ခသည်တွေပေါ့နော်။ နေတဲ့နေရာ လဂါတ်ယန်စခန်းမှာ လက်နှက်ကြီး ၅လုံးကျတဲ့ အခါကျတော့ စစ်ပြေး ဒုက္ခသည်တွေ က ကြောက်ပြီးတော့ပေါ့နော် ပြေးခဲ့ကြတာ။ လူဦးရေက မနေ့က အထိတော့ လေးရာကျော် ငါးရာအထိလောက်ရှိပြီ။ ဟိုးဖက် ကော်မူရိုင် ဆိုတာလေနော်။ ကေအိုင်အိုတွေ နေတဲ့နေရာပေါ့။ အဲမှာလည်းပဲ သူတို့ တိုက်ပွဲတွေဖြစ်ကြပါတယ်။ ဖြစ်တဲ့အခါ ကျတော့ ရွာသားတွေ ကိုမိုရောင်နဲ့နီးတဲ့ နမ်ခမ်းဆိုတဲ့ ရွာလည်းရှိသေးတယ်။ ဒီရွာ နှစ်ရွာတွေ စစ်ပြေးခဲ့ကြတော့ အတိအကျတော့ မသိပေမယ့် တစ်ထောင်လောက်တော့ ရှိသွားပြီ။ ပြေး လာခဲ့ကြတာ။ ဒီနေ့လည်း တစ်ဖွဲဖွဲပဲ လူတွေဟာ။ တောက်လျှောက်ပဲ။”

တရုတ်မြန်မာနယ်စပ်ဒေသက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဝမ်ပေါင် နိမ်းထွဲခေါ် လူထုအလင်း ကူညီရေးအဖွဲ့က ဒေါ်မေရီတွမ်ကတော့ တရုတ်ပြည်တွင်း ကို ရှမ်းဒုက္ခသည် ၂၀၀လောက် ဝင်ရောက်လာတယ် လို့ ပြောပါတယ်။

“ဒီမှာ ရှမ်းရွာ ၂၄ ရွာက ဒုက္ခသည်တွေရောက်တယ်။ အခု ဒီမှာ အခုလောလောဆယ်တော့ ၂၀၀ ပါတ်ဝန်းကျင်လောက်တော့ ဒီ တရုတ်ပြည်ထဲက ဦးလူရောင်ဆိုတဲ့ မနောကွင်းဇရပ်ထဲမှာ အခုရှိနေကြတယ်ပေါ့။ အမျိုးသမီးတွေ အသက်ကြီးသူ ခလေးတွေပေါ့နော် အများကြီးပဲ။ အခု ပန်ခမ်းရွာလူကြီးနဲ့ စကားပြောတော့ မနေ့ကတောင်မထွက်သေးဖူးပေါ့။

ဒီနေ့တော့ မရတော့ဘူး။ မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နှက်ကြီးတွေက ရွာထဲအထိရောက်တဲ့အခါကျတော့ သူတို့မှာ ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘဲ သူတို့ ထွက်ပြေးလာကြတယ်ဆိုပြီးတော့ အခုပဲ ကျမကိုပြောပြတယ်။ ဒီမနက်မှာပဲ ကော်မုန်းကြီးနဲ့ လေးမိုင်လောက်ဝေးတဲ့ ကော်မူရိုင်ဆိုတဲ့
ရွာမှာ ပြန်ပြီးတော့ဖြစ်နေတယ်။ "

တိုက်ပွဲမဖြစ်ခင်က မန်ဝိန်းကြီးရွာက ဒုက္ခသည်စခန်း ၂ခုမှာ ဒုကသည် ၅၀၀၀လောက် နဲ့ လဂတ်ယန်ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂၀၀၀ကျော် လောက်နေထိုင်နေတယ်။ လဂတ်ယန် ဒုက္ခသည်စခန်းက လူတွေဟာ အခုတကြိမ်ပါဆို ၃ကြိမ်တိုင် စခန်းပြောင်း ထွက်ပြေးနေရ တယ်လို့ ဒေါ်မေရီတွမ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာကတော့ အစိုးရစစ်တပ်ဖက်က နယ်မြေရှင်းလင်းရေးအတွက် ဝင်ရောက်လာတဲ့ ဖြစ်ခဲ့တာလို့ KIO လုပ်ငန်းညှိနှိုင်းအဖွဲ့က ဦးဒေါင်ခါးက ပြောပါတယ်။

"ဒီမှာ ရောက်လာတာက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်။ နယ်မြေ ရှင်းလင်းရေး အော်ပရေးရှင်းလုပ်ဖို့ အမိန့် ကျလာပြီလို့ ကျနော်တို့ ဖက်က အဲ့လို ရတယ်။ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ သူတို့တွေ တိုက်ပွဲ လုပ်နေတာပဲ။" မန်ဝိန်းဒေသအတွင်းကို ခမရ ၆၈နဲ့ တပ်မ(၈၈)လက်အောက်ခံ တပ်ရင်းတွေ ဝင်ရောက်လာနေတာဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒေသတွင်း သန်းခေါင်စာရင်း ကောက် ယူပြီး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ ဧပြီလ ၄ရက်နေ့က သန်းခေါင်စာရင်း ကောက်ယူရာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ဒုတပ်ရင်းမှူးတဦး ကျဆုံးတာနဲ့ ဆက်စပ်နိုင်ကြောင်းလည်း သုံးသပ်တာတွေ ရှိနေပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ ဒီတိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက် လာနိုင်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာကို အကြောင်းကြား ထားတယ်လို့ ပြောပါတယ်။

"အခုလောလောဆယ်အချိန်မှာ ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စဟာ အရင်တုန်းက ထိုင်းနိုင်ငံတို့၊ တရုတ်နိုင်ငံတို့မှာ ခက်ခက်ခဲခဲ နဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လုပ်ခဲ့တယ်။ အဲ့ဒီကနေ ကချင်ပြည်နယ် မြစ်ကြီးနား အထိတောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လုပ်ဆောင်လာပြီးတော့မှာ အခုက MCCT နဲ့ ရန်ကုန်မြို့ မြို့တော်မှာ လို နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းလာတဲ့ အခြေအနေဟာ တော်တော်လေး အခြေအနေကောင်းပြီးမှ ထိရောက်စွာလုပ်ဆောင်နိုင်တာ ကျနော်တို့လည်း အတော်ကို ဝမ်းသာတဲ့အချိန်မှာ အခုလိုပဲ ဒီသန်းခေါင်စာရင်းနဲ့ ပါတ်သက်ပြီးတော့ ဆက်ပြီးတော့ ကောက်ခံပြီးမှ သွားရင်းနဲ့ ထိပ်တိုက် ရင်ဆိုင်မှုဖြစ်လာတဲ့ အချိန်ကျတော့ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု တည်ဆောက်ရေး အပိုင်းမှာ ရယ် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး သွားနေတဲ့ အပေါ်မှာ ထိခိုက်သွားနိုင်တယ်ဆိုပြီး ကျနော်တို့လည်း အမ်ပီစီ ကို အကြောင်းကြားပါတယ် ခင်ဗျ။"

မြန်မာငြိမ်းချမ်းရေးစင်တာက သက်ဆိုင်ရာ ကို ဆက်လက် တင်ပြပြီး တိုက်ပွဲတွေ ရပ်ဆိုင်းအောင် ဆောင်ရွက်နိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်။ KIOက သူတို့ ထိန်းချုပ်ရာဒေသအတွင်းမှာ သန်းခေါင်စာရင်းကောက် ယူတာ လက်မခံကြောင်း ပြီးခဲ့တဲ့ လကုန်ပိုင်းက သတင်းထုတ်ပြန်ထားသလို အစိုးရဖက်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သန်းခေါင်စာရင်း ကောက်ယူဖို့ ခက်ခဲတဲ့ ကျေးရွာတွေကို တပ်မတော်လုံခြုံရေးအစောင့်အရှောက်နဲ့ ကောက်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိဖြစ်ပွားတဲ့ တိုက်ပွဲကတော့ အစိုးရနဲ့ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း ရေးဆွဲပြီး ၁ရက်အကျော်မှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG