သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာနယ်ဘက် စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ကြား နယ်မြေသိမ်းနိုင်ရေး တိုက်ပွဲပြင်းထန်


မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တပ်ဖွဲ့ဝင်များ (ဇွန် ၂၀၂၄)
မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တပ်ဖွဲ့ဝင်များ (ဇွန် ၂၀၂၄)

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးအတွင်း လက်လွှတ်ခဲ့ရတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာအချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မတ္တရာမြို့နယ်ထဲမှာ စစ်တပ် တပ်စွဲထားတဲ့ ကျေးရွာတွေလည်း ရှိနေပြီး စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေပါတယ်။ မတ္တရာမြို့နယ်ထဲက တိုက်ပွဲအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်တပ် နယ်မြေရှင်းလင်းရေးအတွင်း လက်လွှတ်ခဲ့ရတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းက ကျေးရွာအချို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ဗွီအိုအေကိုပြေ ာပါတယ်။

စစ်တပ်စစ်ကြောင်းတွေကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးအတွင်း လက်လွှတ်ခဲ့ရတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာအချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်သိမ်းပိုက်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

"အဓိက ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက တော်လှန်ရေး တပ်ဖွဲ့တွေ ခေတ္တ လက်လွှတ်ခဲ့ရတဲ့ ရွာသစ်ကျေးရွာ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောကျေးရွာတွေကို ပြန်လည် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာတော့ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်း အချို့ ကျန်ရှိပါအုံးမယ်။"

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မတ္တရာမြို့နယ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး နေရာတော်တော်များများကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မတ္တရာအနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေက နိုဝင်ဘာလ အလယ်လောက်ကစပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ကျေးရွာအချို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မတ္တရာ စဉ့်ကူး သပိတ်ကျင်းလမ်းပိုင်း သွားလာမှုတွေကို နိုဝင်ဘာ ၂၆ ရက်ကစလို့ ယာယီကန့်သတ်ထားပါတယ်။

Forum

XS
SM
MD
LG