သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တောင်ပိုင်း စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွား


ကလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)
ကလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ရွာ ၅ ရွာထက်မနည်းကို စစ်တပ်က ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပြီးနောက် ရွာသားတချို့ ဖမ်းဆီးခံရသလို နေအိမ်တချို့ ဖျက်စီးခံရတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီအခြေအနေကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ရဲမွန်က တင်ပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းက ရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် နယ်မြေရှင်းလင်းရေး လုပ်စဉ် သြဂုတ် ၂၇ ရက် ညပိုင်းက ရွာတရွာမှာ ဒေသခံကာကွယ်ရေး PDF နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တင်သား၊ အရှေ့စည်း၊ ကျောက်ဖူး၊ ဒိုးနွယ်၊ မှန်တော့၊ ကြံသာရွာနဲ့ အောင်သာယာရွာတို့ကို ဝင်ရောက် ရှာဖွေမှုစဉ် တင်သားရွာမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် အနားမှာရှိတဲ့ ရွာတွေက ရွာသားတချို့ ဖမ်းဆီးခံရပါတယ်။ CDM ကျောင်းဆရာအိမ်တစ်အိမ်ကို စစ်တပ် ဖျက်စီးခဲ့သလို၊ တခြားအိမ်တွေကိုလည်း စီးနင်းရှာဖွေခဲ့ပါတယ်။
“အဲ့ဒီနောက်ပိုင်း တိုက်ပွဲတော့ မဖြစ်ဘူး သူတို့က တစ်ဖက်သက် ပစ်ခတ်တာတွေရှိတယ် နေ့ရောညရော လူတွေလိုက်ဖမ်းတယ် ရွာထဲလူတွေမှာ PDF တွေက မရှိဘူးလေး ဆုပ်သွားပြီးကိုး ပျောက်ကျားတွေဆိုတော့ ရွာထဲမှာ လိုက်ဖမ်းတယ် လူတွေကို လိုက်ဖမ်းတယ် အခုဖမ်းသွားပြီး ငါးယောက်၊ ဖမ်းတာတော့ အများကြီးပဲ ပြန်လွှတ်တာတွေလည်းရှိတယ် ငါးယောက်ကတော့ တရားဝင်ဖမ်းသွားပြီး၊ ပြီးတော့ အိမ်တစ်အိမ်ကို ဗုံးခွဲမီးရှို့တယ်၊ လေးအိမ်ကတော့ ဖျက်စီးတယ် တိုင်လုံးတွေပဲ ကျန်တော့တာ အကုန်ဖျက်စီးတာကပ်ပြီး အကုန်ခွာချပြီးမှ အိမ်အတွင်းထဲမှာ ရှိတဲ့ ပစ္စည်း အိမ်အပြင်မှာ ရှိတဲ့ ပစ္စည်းရော အကုန်လုံး ရှိသမျှပစ္စည်းကို အကုန်လုံးထုချေ ရိုက်ခွဲပစ်ခဲ့တော့တာ အိုးခွက် ပန်ကန်ကအစလို့။”
စစ်တပ်ဝင်ရောက်ရှာဖွေတဲ့ တင်သား၊ အရှေ့စည်း၊ ကျောက်ဖူး၊ ဒိုးနွယ်၊ မှန်တော့၊ ကြံသာရွာနဲ့ အောင်သာယာရွာ စတဲ့ ရွာကြီးတွေက စုစုပေါင်း ရွာသားတစ်သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။နီးစပ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရတာလို့ ကိုယ်တိုင်ဘေးလွတ်ရာ ပြေးနေရတဲ့ တင်သားရွာခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
“နီးစပ်ရာတောတောင်ထဲတွေပါ (နီးစပ်ရာတောတောင်ထဲထွတ်ပြေးရ) ပြီးတော့ အဲ့ဒီတချို့ရွာတွေက အန္တရာယ်ကင်းနိုင်တဲ့ ရွာတွေပေါ့ နည်းနည်းအထိုက်လျှောက်ပေါ့ပါးတဲ့ ရွာတွေ။ အဲ့ဒီရွာတွေကို ပြေးကြတာ ပြီးတော့ နီးစပ်ရာဘုန်းကြီးကျောင်းထဲတွေပေါ့။ ဘာသာရေးပရဝုဏ်ထဲကို ပြေးကြတာပေ့ါ လူဦးရေက တစ်သောင်းကျော်ပါ ရွာကြီးတွေပေါ့။”
ကိုဗစ်တတိယလှိုင်းဒဏ် ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရတဲ့ ကလေးမြို့တစ်ဝိုက်မှာ စစ်ဒဏ်ကိုပါ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အခုထွက်ပြေးတဲ့ သူတွေထဲမှာ ကိုဗစ်လဏ္ခာဖျားနာနေသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ထွက်ပြေးတဲ့ သူတွေထဲက တချို့တစ်ဝက်တော့ အိမ်ပြန်လို့ရပေမယ့် အများအပြားက မပြန်ရဲကြသေးပါဘူး။ ကြံသာရွာမှာတော့ စစ်ကောင်စီတပ်က တပ်စွဲထားတုန်းပဲလို့
လက်ရှိထွက်ပြေးတိမ်ရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ကြံသာဘက်မှာတော့ (စစ်ကောင်စီတပ်စွဲထားတာ)ရှိတယ်ဗျ နည်းနည်းပါးပါးတော့ ရှိတယ်လို့ ပြောတယ် သိပ်မသိရသေးဘူးဗျ၊ ကျနော်တို့ရွာမှာ တပ်တွေစွဲထားတာရှိလို့ တချို့လည်း မပြန်ချင်ကြသေးဘူး တချို့လည်း စိုးရိမ်ကြတယ်ပေါ့ဗျာ တချို့လည်း မစိုးရိမ်လို့ အိမ်ပြန်တာလည်း ရှိပါတယ် အမျိုးမျိုးပေ့ါလေးနော်။”
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းဘက်က အခုနောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။ ကလေးမြို့နယ်ထဲမှာ ဒေသခံ ကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်တပ်တို့အကြား မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG