သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DKBA နဲ့ အစိုးရတပ် တင်းမာ


ဒီမိုကရေစီကရင် အကျိးပြုတပ်မတော် DKBA စစ်ရေးလေ့ကျင့်။
ဒီမိုကရေစီကရင် အကျိးပြုတပ်မတော် DKBA စစ်ရေးလေ့ကျင့်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အပစ်အခတ် ရပ်စဲရေး ရှေ့ မတိုး နောက်မဆုတ်ဖြစ်နေချိန်မှာပဲ ဒီမိုကရေစီကရင် အကျိးပြု တပ်မတော်DKBA နဲ့ မြန်မာစစ်တပ်တို့ ဒီရက်ပိုင်းအတွင်း တင်းမာမှုတွေဖြစ်နေပါတယ်။ ဒီရက်ပိုင်း အတွင်း တင်းမာမူတွေဖြစ်နေတဲ့ ဒီကေဘီအေ နဲ့ မြန်မာစစ်တပ်တို့ စက်တင်ဘာ ၂၆ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှာ ပစ်ခတ်မူ ၃ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်သား ၃၀ လောက်ကို ဒီကေဘီအေက ထိန်းသိမ်းပြိး လက်နက်များ သိမ်းယူလိုက်ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီကေဘီအေ တပ်သားတွေကို ယူနီဖောင်း ချွတ်ခိုင်းတာအပါအဝင် ဒီကေဘီအေ ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားနေစဉ် မွန်ပြည်နယ်ထဲက လက်နက်တွေ သိမ်းခံရတဲ့အတွက် မြန်မာစစ်တပ် နဲ့ အောက်ခြေအဆင့် ဒီကေဘီအေတပ်သားတွေ ကြားမှာ တင်းမာမူတွေ ဖြစ်လာတာပါ။ စက်တင်ဘာ ၂၆ရက် မနက် ၉နာရီခန့်က ညနေပိုင်းအထိ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှာ ပစ်ခတ်မူတွေ ဖြစ်လာရတယ်ဆိုပြီး ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

" ၂၀၊ ၂၁ရက်နေ့က ကျိုက်ထို ကုတ်ကော်ကနေ ဆင်းလာတဲ့အချိန်မှာ သူတို့ ယူနီဖောင်း အချွတ်ခံရတယ်။ ကျိုက်မရောနား ရောက်လာတဲ့အချိန်မှာ တပ်က လာတယ်။ တပ်က လာတော့ တပ်ကို သူတို့က ယူနီဖောင်း ပြန်ချွတ်ခိုင်းတယ်။ ကျနော်က ရန်ကုန်မှာ။

ကျနော်တို့ ငြိမ်းချမ်းရေး သွားဆွေးနွေးနေတဲ့ အချိန် နောက်ပိုင်းမှာ ကျနော်တို့ မုဒုံမြို့မှာ ရှိတဲ့အိမ် ၊ ကျိုက်မရောမှာ ရှိတဲ့အိမ်တွေကို လာမွှေပြီး လက်နက်ပါ သိမ်းတးယ်ခင်ဗျ။ ယူနီဖောင်းမဝတ်ရဘူးဆိုတဲ့ ခံစားချက်နဲ့ သူတို့ကလည်း ယူနီဖောင်း ပြန်ချွတ်ခိုင်းတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း ရှိတယ်။ အဲ့ဒီ့မှာလေ။ စိုက်ခင်းလည်းရှိတယ်။ ကျနော်တို့လူတွေလည်း ရှိတယ်။

ကြည့်ရတာ တပ်ကလည်း သူတို့သတင်းရတော့ လာမောင်းထုတ်တယ်ပေါ့ဗျာ။ လာမောင်းထုတ်တဲ့အချိန်မှာ ကျနော်တို့လည်း လက်နက်ကိုင်ပြီးလို့ရှိရင် သူတို့က ပစ်လို့ရတယ်လို့ သူတို့ Hot News သတင်းစာထဲမှာ တွေ့တယ်။ သေနတ်ကိုင် လို့ရှိရင် လုံခြုံရေး အဆင့် စည်းကျော် လာလို့ ပစ်လို့ရတယ်လို့ သူတို့ပစ်မှာ ကြောက်လို့ ကျနော်တို့ လူလည်း တပ်က ခေါ်လို့မရတော့ ပစ်လိုက်တယ်လေ။

အထက်က ညွှန်တာ မဟုတ်ဘူး။ အောက်ခြေက ရဲဘော် အချင်းချင်း ပြဿနာဖြစ်တာ။ အထက်က တရားဝင် ညွှန်ကြားချက် ဘာမှ မရှိဘူး။ အောက်ခြေမှာ သူတို့အချင်းချင်း ပဋိပက္ခ ရိုက်ခတ်မှုဖြစ်ကြတာပဲ ရှိတယ်။ တပ်ကလည်း တပ်ပစ်တယ်။ ကျနော်တို့လူ က ပစ်တယ်။ တပ်ကလည်း ထပ်ပစ်တယ်။ လက်ရှိ နှစ်လောင်း သေတယ်။ အယောက် သုံးဆယ်ကျော် ဖမ်းထားလိုက်တယ်။ ကျနော်တို့ ဖမ်းဆီးရမိတဲ့အထဲမှာ ဒဏ်ရာရတဲ့နှစ်ယောက်ပါတယ်။ သူတို့လက်နက် ဆယ်လက်ကျော် သိမ်းဆည်း ရမိထားတယ်ပေါ့နော်။"

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကသိုင်ကနိုင်ရွာနဲ့ ခြံကုန်း ရွာအနီးမှာ ဒီနေ့ တနေ့တည်း ၃ကြိမ် ပစ်ခတ်မူဖြစ်ပြီး စစ်တပ်နဲ့ ရဲအင်အား ၃၀လောက်ကို ဒီကေဘီအေက ထိန်းသိမ်းလိုက်ပါတယ်။

အခု ညနေပိုင်းမှာတော့ ဆက်ဆံရေးရုံးက ညှိနှိုင်းပြောဆိုလာတဲ့အတွက် စစ်တပ်နဲ့ ရဲတပ်သားတွေကို ပြန်လွတ်ပေးပေမဲ့ လက်နက် ၁၀လက်ကျော်ကို တော့ သိမ်းထားလိုက်တယ်လို့ DKBA ဘက်က ဆိုပါတယ်။

သူတို့ကိုလည်း စစ်တပ်က လက်နက်သိမ်းတာ အကြိမ်ကြိမ်လုပ်ခဲ့တဲ့အတွက် လက်နက်တွေကို ပြန်ပေးဖို့အတွက် မရှိဘူးလို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး စော စန်းအောင်က ဆိုပါတယ်။

" လောလောဆယ်တော့ မရှိဘူး။ ပြန်ပေးမဲ့ အစီအစဉ် ။ ကျနော်တို့ဆီက မြိုင်ကြီးငူမှာ သိမ်းထားတဲ့ သေနတ် ၊ မုဒုံမှာ သိမ်းထားတဲ့ သေနတ်၊ မုဒုံမှာ ဆိုရင် နှစ်ခါပေါ့ဗျာ။ နောက် ရန်ကုန်မှာ သိမ်းထားတဲ့ သေနတ်တွေ ပြန်ပေးရင် ဒီသေနတ်ပြန်ပေးမယ်။ ကျနော်တို့ သိမ်းထားတဲ့ သေနတ်တွေ ပြန်မပေး မခြင်းကတော့ ဒီသေနတ်ကို ပြန်ပေးဖို့ မရှိပါဘူး။ ဆက်ဆံရေးမှူး ကတော့ ပြန်လွှတ်ပေးလိုက်ပါလို့ ဆက်ဆံရေးမှူး စိုးမြင့်ကပြောတယ်။ ကျနော်တို့ဖမ်းထားတာတွေ ပြန်လွှတ်ပေးလိုက်တယ်နော်။

မလွှတ်လည်း ကျနော်တို့မှာ ထောင်မရှိဘူးလေ။ ဒီလူတွေမှာ အပြစ်မရှိပါဘူး။ ရဲဘော်ရဲဘက်တွေ တချို့က ဗိုလ်မှူးအဆင့်ပါတယ်ခင်ဗျ။ ကျနော်တို့ ထမင်းကျွေးဖို့ကလည်း ဆန်တွေ ဘာတွေမရှိဘူး ထမင်းအိုးမရှိဘူးလေ။ သူတို့ကိုပြောပြီး ပြန်လွှတ်ပေးလိုက်ပြီနော်။ အခုအခြေအနေကတော့ သူတို့လည်း တပ်လှန့်ထားတယ်။ ကျနော်တို့လည်း တပ်ဖြန့်ထားတယ်။ လက်ရှိအနေအထားကတော့နော်။"

ပစ်ခတ်မူနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်မှာ တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြန်မာအစိုးရဘက်ကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူချက်ထဲမှာ ပါတဲ့အတိုင်း ကရင်လက်နက်ကိုင်တွေ ခရီးသွားလာတဲ့အခါ လက်နက်နဲ့ လူအရေအတွက် အတိအကျကို ဆက်ဆံရေးရုံးကို ကြိုတင်အကြောင်း ခွင်ြ့ပုချက်ယူရမယ်လို့ ဆိုထားတာပါ။

ဒါပေမဲ့ လက်နက်ကိုင်တာ ယူနီဖောင်းဝတ်ဆင်တာတွေကို အပစ်ရပ် ကရင် လက်နက်ကိုင်တွေက ချိုးဖောက်မူတွေရှိနေတယ်လို့ ကရင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီးအောင်လွင်က ပြီးခဲ့တဲ့ အပတ်ကပဲပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်းမြဝတီမှာ ဒီကေဘီအေ က ဗိုလ်ကြီး တယောက် မောင်း လာတဲ့ ကားနဲ့ စစ်တပ်နဲ့ နယ်ခြားစောင့်တို့ စီးလာတဲ့ လုံခြုံရေး ကားတိုက်မိတဲ့ အတွက် စစ်တပ်က ပစ်ခတ်မူတွေ လုပ်ခဲ့တာကြောင့် ဒီကေဘီအေ ဘက်က ဗိုလ်ကြီး အဆင့် တဦးသေဆုံးပြီး ရဲဘော်တဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မူမှာ တာဝန်ရှိသူတွေကို ပြန်အပ်နှံဖို့ ဒိကေဘီအေကို တောင်းဆို ထားပါတယ်။ ဒီကေဘီအေဟာ မြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတည်းက အပစ်ရပ်ပြိး ၂၀၁၀ခုနှစ်မှာတိုက်ပွဲပြန်ဖြစ်ခဲ့သလို ၂၀၁၂ခုနှစ်မှာ ထပ်မံ အပစ်ရပ် ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တက်ရောက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဟာ အပစ်အခတ် ရပ်စဲထားပေမဲ့ အခုလို လက်နက်ကိုင်တာ ယူနီဖောင်းဝတ်တာကို ခွင့်မပြုကြောင်းကြိုတင် အကြောင်းကြားရမယ် ဆိုတဲ့ အချက်တခုတည်းကိုသာ မလိုက်နာတာမဟုတ်ဘဲ တပ်တည်ရေး ကိစ္စ တွေ နယ်မြေအငြင်းပွားမူတွေနဲ့ အပြန် အလှန် တိုက်ပွဲတွေ ဖြစ်နေကြ တာပါ။ စက်တင်ဘာလထဲမှာပဲ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးက အောက်ခြေတပ်တချို့နဲ့ မြန်မာစစ်တပ်တို့ဟာ နယ်မြေကိစ္စနဲ့ တိုက်ပွဲငယ်တချို့ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG