သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ


KIA စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
KIA စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)

ကချင်ပြည်နယ် ဖားကန့်ဒေသ ကာမိုင်းမြို့ဘက်မှာ ကေအိုင်အိုနဲ့ မြန်မာစစ်တပ်အကြား ဇန်နဝါရီလ ၂၃ နဲ့ ၂၄ ရက်တွေမှာ နှစ်ညဆက်ပြီး တိုက်ပွဲတွေ ဖြစ်နေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ပြောပါတယ်။ တချိန်တည်းမှာပဲ ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်းဆရာမ နှစ်ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကချင်လူမှုအသိုင်းအဝိုင်းကြားမှာ မကျေနပ်မှုတွေလည်း တိုးပွားလာနေပါတယ်။ အကြောင်းစုံကိုတော့ နန်းလောဝ်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ ကာမိုင်းသွားလမ်းဖက်နဲ့ အင်းတော်ကြီး၊ ဝေလုံဘက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေပြီး မနေ့ကတော့ စစ်တပ်က စစ်သားတွေတင်လာတဲ့ တရပ်ကား ၆ စီး ဖားကန့်ဘက်ကို တက်သွားတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုစာဂျီက VOA ကိုပြောပါတယ်။

“ကာမိုင်းမြို့ဘက်ကို မနေ့ညအထိက တော်တော်ပြင်းထန်တဲ့ဟာ ထပ်ဖြစ်တယ်။ ဒီနေ့…စစ်သားတင်တဲ့ကားတွေ ဖြတ်သွားတာ အစင်း ၆ စီး၊ ၇ စီး တက်သွားတယ်။ ဖားကန့် ၊ ကာမိုင်းဘက်ဘက်ပေါ့နော်။ အခြေအနေကတော်တော်ပြင်းထန်တဲ့အခြေအနေရှိတယ်။ ဖားကန့်ဘက်မှာ။ အဲဒီတိုက်ပွဲက ဆက်တိုက်တွေ ဖြစ်နေတယ်။ မနေ့ညရယ်၊ ဟိုတနေ့ညရယ်။ ၂ ညဆက်တိုက် ကာမိုင်းမြို့အထက် ဘက်ပေါ့နော်။ ကာမိုင်းနဲ့ အရင်ဖားကန့်လမ်းဟောင်းပေါ့။ --- ဆိုတဲ့ အဲဒီဘက်--- ရွာအထိပဲ။ အဲဒီရွာလမ်းဘက်မှာ တိုက်ပွဲတော်တော် ပြင်းထန်တာပေါ့နော်။”

ကာမိုင်းမြို့ကို ဒဏ်ရာရသူ မြန်မာစစ်သားတွေ ရောက်ရှိလာတာမျိုးတွေတွေ့ရပေမယ့် KIO ဘက်က အသေ အပျောက် သတင်းကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။အခုအခါ မြန်မာစစ်တပ်လက်အောက်ရောက်သွားတဲ့ ရွာသားတွေအတော်လေးကို ဒုက္ခရောက် နေကြပြီး လူမှု ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေကိုရော၊ ဘာသာရေး သင်းအုပ်ဆရာတွေ ဂိုဏ်းဃဏပေါင်းစုံကကြိုးစားပေမယ့် စစ်တပ်က ဘယ်သူ့ကိုမှရွာထဲဝင်ခွင့်မပေးဘူးလို့ ပြောပါတယ်။

“KIO တပ်ရင်း (၆) ရှိရာဘက်ပေါ့နော်၊ အခု အဲဒီဘက်က တိုက်ပွဲတော့ မဖြစ်ပေမယ့် အခု အဲဒီ KIO တပ်ရင်း (၆) အုပ်ချုပ်တဲ့ လက်အောက်ခံဖြစ်တဲ့ … က အခုက တပ်မတော်လက်အောက်ခံဖြစ်သွားပြီ။ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေ သူတို့ အခု ဒုက္ခရောက်နေပြီ၊ အခုထိ လူမှုကယ်ဆယ်ရေးအသင်းကို ဝင်ခွင့်မပြုဘူး၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေးအသင်းခေါင်းဆောင်၊ ဂေါပကအဖွဲ့၊ ဂိုဏ်းဃဏပေါင်းစုံ …အားလုံးက ဝိုင်းဝန်းကြိုးစားနေကြတယ်။ ဒါပေမယ့် ခွင့်မပြုဘူး။”

ကချင်ပြည်နယ်က ဆက်လက်ဖြစ်ပွါးနေတဲ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့အမျိုးသားလွတ်တော်အမတ် ဦးခက်ထိန်နန် ကို မေးမြန်းရာမှာတော့ သူက အခုလိုပြောပါတယ်။

“၂၂ ရက်နေ့ကတော့ ကာမိုင်းနဲ့မိုးကောင်းကြားမှာ ၂ နေရာလောက်မှာ တိုက်ပွဲငယ်ပေါ့နော်၊ အနည်းအကျဉ်းဖြစ်တယ်လို့ အဲဒီလောက်ပဲကြားတယ်။”

ဖားကန့်ဒေသက တိုက်ပွဲကြားပိတ်မိနေတဲ့ အောင်ဘာလေရွာသား နဲ့ ကံဆီးရွာသားအပါအဝင် လူပေါင်း သုံးထောင်တို့ရဲ့စားနပ်ရိက္ခာ အခြေ အနေနဲ့ ပတ်သက်လို့ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ပြောခွင့်ရသူ ဦးလမိုင်ဂွန်ဂျာကို မေးမြန်းရာမှာတော့ သူက အခုလို ပြောပါတယ်။

“ကျနော်တို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့မှ ဖားကန့်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေအနေနဲ့တဆင့်ပေါ့လေ။ အဲဒီမှာ ဆန်၊ ဆီ၊ ဆားတွေ သွားပို့နေတယ်လို့ သိရတယ်။ အားလုံးက ၂ ထောင်ကျော်၊ ၃ ထောင်နီးပါးတော့ ရှိသေးတယ်ဗျ။ အောင်ဘာလေက ၁၅၁၅ ဦးနဲ့ ဒေသခံ ကံဆီးကလူတွေ ၁ ထောင်ကျော်နဲ့ဆိုရင် ၃ ထောင်နီးပါးတော့ ရှိတယ်။ တချို့ကတော့ အောင်ဘာလေမှာ သွားချင်တဲ့လူလည်း ရှိတယ်လေ။ တချို့ကတော့ အဲဒီမှာ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ဘယ်တော့ ဘယ်အခါ ပြန်ဖြစ်လာမလဲဆိုတာ မသိရတော့ နည်းနည်း စိုးရိမ်မှုတွေရှိတယ်။ လုံးခင်း၊ ဖားကန့်မှာ ခေတ္တလာရွှေ့နေမယ်လို့ ကျနော်တို့ဆီကိုလည်း လှမ်းပြောတာရှိတယ်။ ဖားကန့်က ရပ်မိရပ်ဖတွေလည်း ပြောတာရှိတယ်။ ဒါပေမယ့် တပ်မ ၆၆ ဘက်က --- မပေးထားဘူးဗျ။”

တချိန်တည်းမှာလည်း ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် KBC စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး ကို ဒီလ ၁၉ ရက်နေ့ ညသန်းခေါင်လောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားတာနဲ့ ပတ်သက်လို့ ကချင်လူမှုအသိုင်းအဝိုင်းကြားမှာ မကျေနပ်မှုတွေလည်း အတော်လေးတိုးလာနေပါတယ်။ မနေ့က ဈာပနအခမ်းအနားမှာ လူပေါင်း သောင်းချီလာရောက်ပို့ဆောင်ကြပြီး အသတ်ခံလိုက်ရတဲ့ ဆရာမနှစ်ဦးရဲ့ ဓာတ်ပုံတွေ၊ ကချင်ပြည်နယ်အလံတွေ၊ ကိုင်ဆောင်ပြီး ကြွေးကျော် ပို့ဆောင်ပေးခဲ့ကြတာပါ။ ဆရာမတစ်ယောက် လက်ထဲဆံပင်တွေ့ခဲ့တာနဲ့ ပတ်သက်လို့ DNA စစ်ဆေးမှုလုပ်ဖို့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က စစ်ဆေးမယ်ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

အသတ်ခံလိုက်ရတဲ့ ဆရာမနှစ်ဦးရဲ့အမှု စုံစမ်းစစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန် ကို မေးမြန်းရာမှာတော့ သူက အခုလို ပြောပါတယ်။

“ကျနော့်အနေနဲ့ အသေးစိတ်အပိုင်းကတော သီးခြားတော့ မသိဘူး၊ သေသေချာချာသိအောင် ဆိုပြီးတော့ အားလုံးက ဝိုင်းဝန်း ကြိုးစားနေတယ်။ စုံစမ်းတဲ့နောက်ဆုံးအခြေအနေကတော့ ဘာမှ ဂဃ နဏတော့ မသိဘူးဗျ။”

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ဗြိသိသျှသံရုံးကလည်း အသတ်ခံလိုက်ရတဲ့ဆရာမနှစ်ဦးကိစ္စ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်ရှင်။

အခုလို ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးမှုအတွက် မလေးရှားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ စုပေါင်းပြီး စနေနေ့က ကွာလာလမ်ပူမြို့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားလုပ်ရင်း ကချင်ဒေသမှာ အစိုးရစစ်တပ်တွေ ထိုးစစ်ဆင်တာရပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG