သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ပိုင်း တိုက်ပွဲများ ဆက်ဖြစ်ပွား


ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေ။
ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ တင်းမာနေပြီး ဒီကနေ့လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားနေတယ်လို့ တအာင်းခေါ် ပလောင်တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဒီလ ၈ ရက်နေ့ကစပြီး တိုက်ပွဲငယ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ရာက ၁၀ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ အစိုးရစစ်တပ်ဖက်က စစ်သည် ၇ ဦးကျဆုံးခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံနဲ့ ကွမ်းလုံမြို့နယ်တွေအတွင်းမှာ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကစတင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ရာက ဒီကနေ့မှာတော့ ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသမှာ ထပ်မံဖြစ်ပွားနေပါတယ်။ လက်ရှိ အခြေအနေကို TNLAခေါ် ပလောင်တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က အခုလို ပြောပါတယ်။

“အခု ကိုးကန့်နဲ့ကျနော်တို့နဲ့ အတူတူပေါင်း နေနေတဲ့နေရာတွေပေါ့၊ သံလွင်မြစ် အနောက်ဘက်ကမ်းနေရာမှာ၊ ခုနတုန်းကလည်း တိုက်ပွဲဖြစ်နေတယ်။ အခု ပြီးသွားပြီလား မသိသေးဘူး၊ ကျနော် ပြန်ချိတ်ဆက်လို့ မရသေးဘူး။ တနာရီလောက်တုန်းကတော့ တိုက်ပွဲဖြစ်နေတုန်းပဲ၊ ကွတ်ခိုင်၊ တာမိုးညဲကားလမ်းကနေပြီး ကိုးကန့်ထဲဝင်တဲ့လမ်း ရှိပါတယ်။ သာပါတံတားရှိတယ်။ အဲဒီတံတားဒီဘက်မှာ တာမိုးညဲအပိုင်လို့ပဲ ပြောလို့ရပါတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်နေတာ။”

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလ ၁၀ ရက်နေ့က ကွမ်းလုံမြို့အနောက်မြောက်ဖက် ၁၀ မိုင်ကွာက နမ့်ကျွမ်း၊ ဝေါခြုံဒေသ၊ မုံးစီး၊ မုံးပေါ်လေး ဒေသအတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်စခန်းနဲ့ စစ်ကြောင်းတွေကို ကိုးကန့်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးသုံးပြီး အင်အား အလုံးအရင်းနဲ့ အလစ်အငိုက်တိုက်ခဲ့တာကြောင့် တပ်မတော်စစ်ကြောင်းက စစ်သည် ၇ ဦးကျဆုံးပြီး ၂၀ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွားရတဲ့အခြေအနေကိုတော့ တာဘုန်းကျော်က အခုလို ပြောပါတယ်။

“အခု တိုက်ပွဲဖြစ်တဲ့နေရာတွေက ကျနော်တို့ တောစခန်း၊ ကျနော်တို့၊ KIA တို့၊ ကျနော်တို့ TNLA တို့၊ ကျနော်တို့ တောစခန်းမှာပဲ နေနေတာပါ။ ကျနော်တို့ ၆၀၊ ၇၀၊ ၃၀ စသဖြင့် အင်အားအဲလောက်လောက်နဲ့နေတဲ့ တောစခန်းတွေပါ။ အဲဒါကို မြန်မာအစိုးရတပ်ဘက်က စစ်ကြောင်း နှစ်ကြောင်း၊ သုံးကြောင်းထိုးတက်လာလို့ တိုက်ပွဲဖြစ်တာပါ။ အခုဖြစ်လာတဲ့တိုက်ပွဲလည်း အဲလိုပဲ သာပါတံတားကနေ အစိုးရတပ်ဘက်က ကျနော်တို့နယ်ထဲဝင်လာလို့ တိုက်ပွဲဖြစ်ကြတာပါ။ ကျနော်တို့အနေနဲ့ အစိုးရ အဖွဲ့တွေချထားတဲ့နေရာတွေ လိုက်လံတိုက်ခိုက်တာမျိုး၊ ပစ်တာမျိုးတွေ ကျနော်တို့ မရှိပါဘူး။”

အောက်ခြေက ရရှိတဲ့သတင်းအရဆိုရင် အစိုးရတပ်ဖက်ကလက်နက်အနည်းဆုံး ၁၀ လက်သိမ်းဆည်းရမိပြီး ကျဆုံးသူ ဆယ်ဂဏန်းလောက် ရှိနိုင်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖက်ကတော့ အထိအခိုက်မရှိကြောင်း ပြောပါတယ်။

ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဟော်ရှောက်ချန်းက ၁၀ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့ ၃ ဖွဲ့ ပါဝင်တယ်လို့ ပြောပါတယ်။

“ဖြစ်တာလေ-ကိုးကန့်အဖွဲ့ပါတယ်၊ KIA အဖွဲ့ပါတယ်။ …အဖွဲ့လည်းပါတယ်။ နီးနီးလေးရယ်…”

ဖြစ်ပွားတဲ့ တိုက်ပွဲဟာ တော၊တောင်ဒေသအတွင်းဖြစ်တာကြောင့် ကျေးရွာတွေ ထိခိုက်တာမရှိသလို ရွာသား တွေ ထွက်ပြေးတိမ်းရှောင်တာမျိုးလည်း မရှိကြောင်း ဆက်ပြောပါတယ်။ ဒေသတွင်းအခြေအနေကို ကွတ်ခိုင်မြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျအရာရှိတဦးက အခုလို ဖြေဆိုပါတယ်။

“အော် ဟုတ်ကဲ့၊ ကျနော်တို့ကတော့ ထူးခြားဖြစ်စဉ် မကြားမိဘူးဗျ။ ထူးခြားဖြစ်စဉ်ကို အချိန်နဲ့တပြေးညီပို့နေတယ်။ ဒါပေမယ့် ဘာမှ မရှိဘူးဗျ။ အော်..ပုံမှန်အတိုင်းပါပဲဗျာ၊ ဟုတ်ကဲ့။”

ကွမ်းလုံမြို့ရဲစခန်းက တာဝန်ရှိသူတဦးကလည်း သူတို့ ဒေသတွင်းအခြေအနေက အေးအေးဆေးဆေးပဲ ရှိနေကြောင်းပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကတော့ ခရစ္စမတ်ရက်မတိုင်မီ ဆွေးနွေးပွဲ စတင်နိုင်ဖို့ ကမ်းလှမ်းထားပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ တပြည်လုံးအပစ်ရပ်ရေးအတွက် စက်တင်ဘာလက နောက်ဆုံးဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား တင်းမာတာတွေရှိခဲ့ရာက ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးက လိုင်ဇာဗိုလ်သင်တန်းကျောင်းပစ်ခတ်မှုမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဖက်က လူ ၂၀ ကျော်ကျဆုံး ခဲ့တဲ့နောက် နှစ်ဖက်အကြား တင်းမာတာတွေ ပိုမိုမြင့်တက်ခဲ့ပါတယ်။

XS
SM
MD
LG