ရခိုင်ပြည်နယ်ထဲက မဒေးကျွန်း ရေနက်ဆိပ်ကမ်းအပါအဝင် တရုတ်စီမံကိန်းတွေ အများဆုံးရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်၊ ကြာသပတေးနေ့ကစလို့ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ သောကြာနေ့အထိ နှစ်ဘက် တိုက်ပွဲပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သစ်ပုတ်တောင်ကျေးရွာအနီးမှာရှိတဲ့ ဓညဝတီရေတပ်စခန်းကနေ ဇိုင်ချောင်းကျေးရွာနဲ့ ကျောက်ဖြူ-ရန်ကုန်လမ်းမကြီးရဲ့ လမ်းကွဲဘက် ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် AA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်သူတွေက ပြောပြပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် သောကြာနေ့ကလည်း သစ်ပုတ်တောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော် AA ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ဘက်ကလည်း ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ စိုင်ခြုံ၊ ဝါးတောင်၊ ရှောက်ချောင်းအပါအဝင် ကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ အဲဒီလို ပစ်ခတ်နေတဲ့ သစ်ပုတ်တောင် ရေတပ်စခန်းကတော့ တရုတ်ရေနက် ဆိပ်ကမ်းတည်ရှိတဲ့ မဒေးကျွန်းနဲ့အနီးဆုံး ရေတပ်စခန်းတခုလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အကုန်ပိုင်းလောက်ကစပြီး တိုက်ပွဲတွေ တကျော့ပြန် ဖြစ်နေတာပါ။ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက်ထားပါတယ်။ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကိုတော့ စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားပါတယ်။ အခုရက်ပိုင်းကစလို့ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
Forum