ချင်းပြည်နယ် ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်အဖွဲ့တို့ကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်း ရိက္ခာတွေကို လေယာဉ်နဲ့ ဖြည့်တင်းနေတယ်လို့ ချင်းညီနောင်အဖွဲ့နဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဆောင်းတွင်းကာလ ဖြစ်တာနဲ့အမျှ စစ်ရှောင်တွေအတွက် စောင်၊ အနွေးထည်နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ မင်းတပ်မြို့က နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ် ဖလမ်းနဲ့ မင်းတပ်မြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ချင်းညီနောင်အဖွဲ့ရဲ့ Operation CB စစ်ဆင်ရေး စတင်နေနေတာ အခုဆို တလကျော် ရှိလာနေပြီး မနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းနေသလို၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေလည်း နေ့စဉ် ရှိနေတယ်လို့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမန်က ပြောပါတယ်။
“မင်းတပ်ရော ဖလမ်းရော လေကြောင်း တိုက်ခိုက်မှုကတော့ နေ့စဉ် တောက်လျှောက် ရှိပါတယ်။ ပြီးတော့ ဒီ Y-12 နဲ့ သူတို့ ရိက္ခာတွေပေါ့နော်၊ လက်နက်ခဲယမ်း ရိက္ခာတွေ လေယာဉ်နဲ့ ချပေးတယ်။ ပြီးတော့မှ ကျနော်တို့ ဒီတော်လှန်ရေး တပ်ဖွဲ့တွေ၊ နောင်ညီတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေနဲ့ စကစနဲ့ ထိတွေ့မှုတော့ အနည်းနဲ့အများ ရှိပါတယ်။ ဆိုတော့ သူတို့အထိနာတဲ့အခါ Y-12 လေယာဉ်နဲ့ ဗုံးကြဲတာသော်လည်းကောင် ဂျက်တိုက်လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ၊ ပေါင် ၁,၀၀၀ နီးပါး ချတာတွေရှိတယ်။ ပြီးတော့ သူတို့ Rockets တွေနဲ့ပေါ့နော်။ ဖလမ်းမှာဆိုလည်း ကလေးဘက်ကနေ Rockets နဲ့ လှမ်းပစ်တာ၊ မင်းတပ်မှာဆိုလည်း ကျောက်ထု အမြှောက်တပ်က လှမ်းပစ်တာမျိုး Rockets တွေနဲ့ လှမ်းပစ်တာမျိုး အဲ့လိုမျိုးရှိပါတယ်။ ထိတွေ့မှုတွေတော့ ရှိလည်းရှိပါတယ်။ တချို့ရက်တွေဆို ပြင်းပြင်းထန်ထန် ဖြစ်တဲ့အခါဆိုရင် လေကြောင်း တိုက်ခိုက်မှုတွေ အခုချိန်ထိတော့ တောက်လျှောက်လာနေပါတယ်။”
မင်းတပ်မြို့ထဲမှာ နှစ်ဘက် တိုက်ပွဲတွေ မနေ့ကအထိ ဆက်လက် ပြင်းထန်နေပြီး ပျက်ဆီးမှုနဲ့ ထိခိုက် သေဆုံးမှု အခြေအနေတွေတော့ မသိရသေးဘူးလို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေး ကော်မတီ တာဝန်ခံ Lawrence Yaw Kee က ဗွီအိုအေကို ပြောပါတယ်။
“ဒီနေ့ ဒီအချိန်ထိပေါ့နော်။ မင်းတပ်မြို့ပေါ်နဲ့ ကျနော်တို့က မင်းတပ်မြို့နဲ့ မလှမ်းမကမ်း ရွာတွေမှာ နေပါတယ်။ ဆိုတော့ မင်းတပ်မြို့ပေါ် တိုက်ပွဲဖြစ်တဲ့ အသံတွေကို ကျနော်တို့ ကြားနေရပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကလည်း မနေ့ညကအထိ ရှိပါတယ်။ တိုက်ပွဲ ပြင်းထန်နေဆဲပါ။ အခုချိန်ထိ မြို့ထဲမှာ တိုက်ပွဲ ဆက်ဖြစ်နေဆဲပဲ နေရာတော်တော်များများကတော့ သွားလာလို့ မရသေးဘူး။ နေအိမ်မီးလောင်တာတို့ ပျက်စီးသွားတဲ့ဟာတို့ ဒီသေဆုံးသွားတဲ့ data အချက်အလက်တွေ ကျနော်တို့ ပြုစုထားခြင်း မရှိသေးပါဘူးခင်ဗျ။”
တိုက်ပွဲကြောင့် မင်းတပ်မြို့ခံနဲ့ ပတ်ဝန်းကျင်ကျေးရွာက ဒေသခံ ၅,၀၀၀ လောက် အိုအိမ်းစွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြသလို၊ နာတာရှည် ရောဂါသည်တချို့ မြို့ပေါ်မှာ ပိတ်မိနေဆဲ ဖြစ်တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေး ကော်မတီ တာဝန်ခံ Lawrence Yaw Kee က ပြောပါတယ်။
“တချို့ ထွက်ပြေးတိမ်ရှောင်လို့ အဆင်မပြေတဲ့ လေဖြတ်တဲ့လူတို့ စိတ်ကျန်းမာရေး မကောင်းတဲ့ လူတို့ အခုချိန်ထိ မင်းတပ်မြို့ပေါ်မှာ ကျန်ရှိနေသေးပါတယ်ခင်ဗျ။ မင်းတပ်မြို့ပေါ်က ထွက်ပြေး တိမ်ရှောင်လာတဲ့ လူတွေက ငါးထောင် ၅,၀၀၀ ဝန်ကျန်းခန့် ရှိပါတယ်။ စုစုပေါင်း မင်းတပ်မြို့နယ်ထဲမှာ စစ်ဘေးရှောင်နေတာက တစ်သောင်းခွဲ ၁၅,၀၀၀ ရှိနေဆဲပါ။ တစ်သောင်းခွဲ နည်းနည်းကျော်တယ်ပေါ့နော်။”
စစ်ဘေးဒုက္ခသည်တွေ တနေ့တခြား ပိုများလာနေပြီး အချိန် ကြာလာတာနဲ့အမျှ ကူညီထောက်ပံ့မယ့် အဖွဲ့အစည်းတွေ နည်းပါးလာတဲ့အကြောင်းနဲ့ လက်ရှိ ဆောင်းတွင်းကာလမှာ စစ်ရှောင်ပြည်သူတွေအတွက် စောင်၊ အနွေးထည်နဲ့ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့လည်း Lawrence Yaw Kee က ပြောပါတယ်။
“ဆောင်းတွင်းကာလမှာ အရမ်းအေးပါတယ်။ တချို့နေရာတွေ အရေခဲတယ်ပေါ့နော်။ ခြုံစောင်ဖို့ လိုပါတယ်၊ အနွေးထည်တွေ လိုတယ်။ အဓိက ကျနော်တို့ စားဝတ်နေရေး အရေးကြီးတာ ဖြစ်တဲ့အတွက် စားဝတ်နေရေး ထောက်ပံ့ကူညီပါ၊ မင်းတပ်မြို့နယ်ထဲမှာ လိုအပ်မှုအရမ်းကို ကြီးမားနေဆဲပါ။”
မင်းတပ်နဲ့ ဖလမ်းမှာ တပ်စခန်းတွေ တိုက်ခိုက်ခံရလို့ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရှိသူ အတွင်းရေးမှူး ဦးအောင်ချိုကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
Forum