သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်နဲ့ ကျုံဒိုးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ကရင်ပြည်နယ်ကော့ကရိတ် နဲ့ ကျုံဒိုးမြို့နယ်တွေမှာ ဖြစ်ပွားနေသော စစ်ကောင်စီတပ်တွေနဲ့ KNU, PDF တိုက်ပွဲ (ဓါတ်ပုံ - U King)
ကရင်ပြည်နယ်ကော့ကရိတ် နဲ့ ကျုံဒိုးမြို့နယ်တွေမှာ ဖြစ်ပွားနေသော စစ်ကောင်စီတပ်တွေနဲ့ KNU, PDF တိုက်ပွဲ (ဓါတ်ပုံ - U King)

ကရင်ပြည်နယ်ကော့ကရိတ် နဲ့ ကျုံဒိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူကာကွယ်ရေးတပ်စစ်ကြောင်းတွေဟာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဒီနေ့ မတ်လ ၂၆ ရက်နေ့မှာလည်း လေကြောင်းကနေ ပစ်ခတ်မူတွေ ရှိနေတာကြောင့် ကော့ကရိတ်ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ၊ နေအိမ်တွေမီးလောင်ပျက်စီးနေတာတွေလည်း ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ်ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူကာကွယ်ရေးတပ် စစ်ကြောင်းတွေဟာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ ကော့ကရိတ်မြို့နယ်ထဲက ကမိုင်ကုန်းကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပြီး၊ ဒေသခံတွေ သေဆုံးတာတွေ ရှိနေတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကိုစောမွန်ကပြောပြပါတယ်။

"မနက်ကတော့ ကော့ကရိတ်ဘက်မှာ ဆက်ဖြစ်တယ်။ တနေကုန်လည်း ကြို့ကြားတိုက်ပွဲတွေ ဖြစ်နေတယ်။ ခလရ ၉၇ က အမြှောက်နဲ့ ပစ်တယ်။ လေယဉ်နဲ့လည်း ဗုံးလာကြဲတယ်။ ကော့နွဲ ကမိုင်ကုန်း နေရာနားကနေ နေရာယူပြီး ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ လောလောဆယ် ၂ ယောက်လောက် ရှိတယ်။ ကမိုင်ကုန်းနဲ့ ကော့နွဲ့ရွာက ၁၃ နှစ်သားတယောက်နဲ့ အသက် ၄၀ ကျော် မိန်းကလေးတယောက်ရယ် သေတယ်လို့ စာရင်းရတယ်။"

မနေ့တုန်းကတော့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က မနက်ပိုင်းကစပြီး မြဝတီခရိုင်ထဲက ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်ပစ်ခတ်တာ သင်္ကန်းညီနောင်နဲ့ ကျုံဒိုရဲစခန်းတွေကို ဝင်ရောက်ပစ်ခတ်တွေကို လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ စစ်ကောင်စီဘက်ကလည်းလေကြောင်းတိုက်ခိုက်မူတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ မနေ့တုန်းကဖြစ်စဉ်မှာတော့ ကုန်သွယ်ရေးဇုန်ကဝန်ထမ်းတွေနဲ့ ရဲတွေ၊ စစ်တပ်တွေ သေဆုံးမူတွေ ရှိနေပြီး ဆယ်ဂဏန်းလောက် စစ်သုံ့ပန်အဖြစ် ဖမ်းမိတာတွေလည်း ရှိနေတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆိုပါတယ်။

"သူတို့ကိုကျတော့ စစ်ဥပဒေ သုံ့ပန့်ဥပဒေအရ အရေးယူဆောင်ရွက်ထားတာပဲ ရှိတယ်။ နိုင်ငံတကာဥပဒေအရ ဆောင်ရွက်တယ် နှိပ်စက်ညှင်းပမ်းတာမျိုး မရှိပါဘူး။"

စစ်တပ်နဲ့ ရဲအပါအဝင် ကုန်သွယ်ရေးဇုန်က ဝန်ထမ်းတွေ ပျောက်ဆုံးတာတွေ ရှိနေတယ်ဆိုတာကိုတော့ စစ်တပ်နဲ့ နီးစပ်သူတွေကလည်း ပြောဆိုပါတယ်။ ဒါပေမဲ့ သေဆုံးပျောက်ဆုံးမူတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီဘက်ကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

မနေ့တုန်းကတော့ မြဝတီမြို့ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ အခုဆိုရင် ကရင်ပြည်နယ်ထဲမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဟာ ၃ မြို့နယ်ရှိတယ်လို့လည်း ပြောပြပါတယ်။

"ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးကတော့ စစ်တပ်အာဏာသိမ်း တဲ့ ၂ နှစ်ပြည်ကတည်းက ညမထွက်ရ ထုတ်ထားတာ အခုတော့မြဝတီပါ တိုးလာတော့ ကရင်ပြည်နယ်ထဲမှာ ၃ မြို့နယ်တော့ ဖြစ်သွားပြီ။"

မနေ့တုန်းကတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား (၁) ကို တိုက်ပွဲတွေကြောင့်ယာယီပိတ်လိုရပေမယ့် ဒီကနေ့မှာတော့ ပုံမှန်အတိုင်း သွားလာမူတွေ ရှိနေပြီး၊ ထိုင်းနဲ့မြန်မာ နှစ်ဘက်လုံးက လုံခြုံရေးတွေ ပိုမိုတင်းကြပ်ထားပါတယ်။

==== Unicode ====










XS
SM
MD
LG