သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်ထဲ တိုက်ပွဲပြင်းထန်၊ နယ်စပ် ချစ်ကြည်ရေးတံတား ယာယီပိတ်


တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီခရိုင် မြင်ကွင်း (ဓါတ်ပုံ - CJ)

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မြို့နယ် ၃ ခုမှာ ဒီကနေ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲကြား တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မြဝတီခရိုင်ထဲက ကုန်သွယ်ရေးဇုန်လည်း မီးလောင်သွားခဲ့ပြီး၊ အသွားအလာတွေ ရပ်သွားတာကြောင့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား (၁) လည်း ယာယီပိတ်လိုက်ရပါတယ်။ မြဝတီဘက်က နောက်ဆုံးအခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ တဘက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး တပ်တွေပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီကနေ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး မြဝတီခရိုင်ထဲက ကုန်သွယ်ရေးဇုန်လည်း မီးလောင်ခဲ့ပါတယ်။

မြဝတီနဲ့ ကော့ကရိတ် ကားလမ်းတွေမှာလည်း ဗုံးပေါက်ကွဲတာတွေရှိပြီး ကားအသွားအလာတွေ ရပ်နားသွားသလို ကုန်သွယ်စီးဆင်းမှုတွေလည်း ရပ်ဆိုင်းသွားပါတယ်။ မကြာသေးခင်က ပြန်ဖွင့်ခဲ့တဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား(၁) ကလည်း အသွားအလာတွေ မရှိတော့ဘဲ ပိတ်လိုက်ရပါတယ်။ မနက်ကတည်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့အကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

"ဒီနေ့ ၅ နာရီခွဲလောက်က သင်္ကန်းညီနောင် ရဲစခန်းကို ဝင်ပစ်တယ်။ ပြီးတော့ သင်္ကန်းညီနောင်က စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ရှိတဲ့ နေရာကိုလည်း ဝင်ပစ်တယ်၊ KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေက မနက် ၅ နာရီကျော်ကတည်းကနေ ပစ်တာ မနက် ၇ နာရီခွဲ ၈ နာရီ လောက်ထိ ပစ်ခတ်မူတွေ ရှိနေတယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒီမှာ MI 35 ရဟတ်ယာဉ်တစင်းနဲ့လာပြီး ကုန်သွယ်ရေးဇုန်ကိုလာပြီး စက်သေနတ်နဲ့ လာပစ်တယ် ဗုံးတွေကြဲတယ် စစ်ကောင်စီဘက်ကပေါ့၊ ကျုံဒိုး၊ ကော့ကရိတ်မှာလည်း ဖြစ်တယ်။ အသွားအလာတွေ ရပ်ဆိုင်းတယ်။ ကုန်သွယ်ရေးကိစ္စတွေလည်း အကုန်ရပ်ဆိုင်းသွားတယ်။ ကုန်သွယ်ရေးဇုန်မှာလည်းဖြစ်တော့ မြဝတီဘက်ကလာတဲ့ ကားတွေလည်း မလာနိုင်တော့ဘူး။ တိုက်ပွဲဖြစ်နေတာပေါ့။"

မြဝတီမြို့မှာတော့ မနက်အစောကြီးကတည်းက လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးတာတွေ ရှိနေသလို မနက်ကတည်းက တံတားအနီး တဝိုက်က ဈေးဆိုင်တွေလည်း ပိတ်ထားရတယ်လို့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

"မနက်ကတည်းက ဈေးဆိုင်တွေ အကုန်လုံး လိုက်ပိတ်ခိုင်းတယ်။ ဖြတ်သွားတဲ့လူတွေလည်း လိုက်ဖမ်းတယ်။ မနက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်။ ဟိုဘက်က မဖြတ်နဲ့ ဒီဘက်က မဖြတ်နဲ့ဆိုပြီး လမ်းတွေလည်း ပိတ်ထားတာပေါ့။"

တိုက်ပွဲတွေကြောင့် ကားအသွားအလာတွေလည်း ရပ်နားထားရသလို နယ်စပ်တံတား (၁) ရော၊ နယ်စပ်အောက်ဂိတ်တွေရော ပိတ်ထားကြောင်း ကုန်သည်တွေကလည်း ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ တောနော်ရေတံခွန်နားက မြဝတီကော့ကရိတ်လမ်းမှာလည်း မိုင်းပေါက်ကွဲတာတွေ ရှိခဲ့ပြီး၊ လမ်းတချို့ ပျက်စီးသွားတာ ရှိတာကြောင့် အဲဒီလမ်းကတော့ ကားတွေ လတ်တလော သွားလာလို့ မရသေးဘူးလို့လည်း ကုန်သည်တွေက ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကတော့ ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကနေစပြီး နေ့လည်ပိုင်းအထိ ဆက်ဖြစ်နေပါတယ်။

မြဝတီခရိုင်ထဲက တိုက်ပွဲပြင်းထန်နေတဲ့ နောက်ဆုံးအခြေအနေကို မအေးအေးမာ သတင်းပေးပို့ခဲ့တာပါ။ ဒီကနေ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန် ပြောဆိုတာတော့ မရှိသေးသလို၊ ဗွီအိုအေက ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း အကြောင်း တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။

=== Unicode ====









XS
SM
MD
LG