သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသတိုက်ပွဲ ဆက်လက်ပြင်းထန်


ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းတုန်မြို့၊ ကျေးရွာတခု အပြင်ဘက် တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဇန်နဝါရီ ၁၆ ၊၂၀၁၄။
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းတုန်မြို့၊ ကျေးရွာတခု အပြင်ဘက် တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဇန်နဝါရီ ၁၆ ၊၂၀၁၄။

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ကြား တိုက်ပွဲတွေ ဒီနေ့ထိ ဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်ထောင်နဲ့ချီပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသလို ကုန်စည်စီးဆင်းမှုတွေမှာလည်း ထိခိုက်မှုတွေ ကြုံနေရတာပါ။ ရှမ်းပြည် မြောက်ပိုင်းက တိုက်ပွဲတွေ နောက်ဆုံးအခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၃ ဖွဲ့နဲ့ တပ်မတော်ကြား ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရာမှာ ဒီနေ့ သောကြာနေ့မှာတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ရခိုင်လက်နက်ကိုင် AA ကပြောပါတယ်။ နေရာ ၇ နေရာလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ်တွင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်းလည်း AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။

“ဆိုတော့ ခြုံပြီးတော့ ပြောရမယ်ဆိုရင် မနေ့က သြဂုတ်လ ၂၂ ရက် ရှမ်းမြောက်မှာဖြစ်တဲ့ တိုက်ပွဲ ဖြစ်စဉ်တွေတလျှောက်လုံးမှာ ဗမာစစ်တပ်ဘက်ကနေ ၅ ဦးကျဆုံးပြီးတော့ ၃ ဦး ဒဏ်ရာရတာရှိတယ်။ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်ဘက်ကတော့ ဒဏ်ရာရတဲ့သူအနည်းအကျဉ်းရှိတယ် ဒီလောက်ပါပဲ။ ကျဆုံးတာတော့မရှိဘူး။”

ဒီမတိုင်ခင် တရက်မှာလည်း ရှမ်းမြောက်ပိုင်း နမ့်ခမ်းမြို့ လွယ်လောင်းကျေးရွာနဲ့ ကောင်းဝိုင်းကျေးရွာ ကြားမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကွတ်ခိုင်တဝိုက်မှာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး သံချပ်ကာယာဉ်နဲ့ ပစ်ခတ်တာ လည်းရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးကတော့ နေပြည်တော်၊ တပ်မတော် စစ်သမိုင်းပြတိုက်မှာ ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်လို့ မီဒီယာတွေကို အခုလို ပြောဆိုခဲ့ပါတယ်။

“အဓိကတော့ ကျနော်တို့တပ်မတော်အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် အပစ်ရပ်ပေးထား တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ် လက်ကမ်းပေးထားတယ်၊ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးဆောင်ရွက် မယ်ဆိုတာ ကျနော်တို့တပ်မတော်ရဲ့မူဝါဒဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တပ်မတော် က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လုပ်သွားမယ်။”

တိုက်ပွဲတွေ အပြင်းအထန် ကြုံခဲ့ရတဲ့ ကွတ်ခိုင်မြို့နယ်မှာတော့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင် နေကြရပြီး ယာယီစစ်ရှောင်စခန်း ၈ ခုမှာဆိုရင်လည်း လူဦးရေ တဖြည်းဖြည်းတိုးလာနေပါတယ်။ ဒီအထဲက တချို့ဆိုရင် ရာသီတုပ်ကွေးနဲ့ ဝမ်းရောဂါလို ပြင်းထန်ရောဂါတွေ ဖြစ်ပွားနေတယ်လို့လည်း ကွတ်ခိုင်မြို့ အရေးပေါ်ကယ်ဆယ်ရေးကွန်ရက် ပြန်ကြားရေးတာဝန်ခံ ဆရာမ မိုင်းမိုင်းက ဗွီအိုအေကို ပြောပါတယ်။

“စာရင်းတွေအရဆိုရင် ၁,၀၀၀ ကျော်နေပြီ၊ ဆွေမျိုးသားချင်းအိမ်တွေမှာ သွားနေတဲ့သူတွေကိုပါ ပေါင်း မယ်ဆိုရင် ၂,၀၀၀ နီးပါးလောက်ရှိပြီပေါ့။ မွေးကင်းစ ရက် ၂၀ လောက်ရှိတဲ့၊ တလလောက်ရှိတဲ့ ကလေးမိခင်တွေ အများကြီးတွေ့ရတယ်။ ပြီးရင် အခုချိန်မှာ ရာသီတုပ်ကွေးတွေလည်း အရမ်းဖြစ်နေ တဲ့အတွက်ကြောင့်မို့လို့ ဖျားနာတဲ့သူတွေလည်းတွေ့ရတယ်။ သူတို့က ကျန်းမာရေး ဗဟုသုတ နည်းတော့ ကိုယ်ပူတာလောက်ပဲ သူတို့ ထင်နေကြတယ်ပေါ့နော်။ ပြီးရင် ကျမတို့ကြားတာက မန်ပိန်း စစ်ရှောင်စခန်းကသူတွေက ဝမ်းလျှောကြတယ်လို့ ကြားထားတာရှိတယ်။ ဒီနေ့သွားမလို့ ဆိုပြီးတော့မှ အခြေအနေက နောက်ကျသွားလို့ မနက်ဖြန်မှသွားမလို့ စီစဉ်ထားတယ်။”

ကလေးနဲ့ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ အများဆုံး စစ်ရှောင်စခန်းကို ရောက်တာကြတာပါ။ ကျန်းမာရေးဝန်ထမ်းတွေ စီစဉ်ထားပေမယ့် လိုအပ်ချက်တွေ များတယ်လို့ ဆရာမ မိုင်းမိုင်းက ပြောပါ တယ်။ ပရဟိတအဖွဲ့တွေက ဆန်ကိုအဓိကလှူနေပြီး နောင်ချိုဘက်မှာ ဆန်ပြတ်နေလို့ အကူအညီ တောင်းထားတဲ့သူတွေ ရှိတယ်လို့ပြောပါတယ်။ မော်ဟန်ဘက်မှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေရှိနေပြီး ရွာသားတွေ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတယ်လို့ သတင်းရပါတယ်။ ကျောင်းတွေကို လည်း နားလည်မှုနဲ့ ခနပိတ်ထားရပါတယ်။

အခုဆိုရင် တရုတ်-မြန်မာကြား အဓိကကျတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ထားတာ ၈ ရက် လောက်ရှိပါပြီ။ မိုင်းခွဲဖျက်စီးခံရတဲ့ ဂုတ်တွင်းတံတားကို ဘေလီတံတားနဲ့ အစားထိုးထားပေမဲ့ ကွတ်ခိုင်နဲ့ မူဆယ်ကြား တိုက်ပွဲတွေရှိနေလို့ ဖြတ်သွားလို့ မရသေးပါဘူး။

TNLA နဲ့ ပူးပေါင်းမဟာမိတ်တွေဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA ၊ ကိုးကန့်အဖွဲ့ MNDAA တို့က ဒီလ ၁၅ ရက်နေ့မှာ ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နေရာငါးခုကို တချိန်တည်းမှာ တိုက်ခိုက်ခဲ့ ပြီး အဲဒီနောက် ရှမ်းမြောက်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။

ဒီလ ၂၀ ရက်နေ့မှာ အဲဒီမဟာမိတ်သုံးဖွဲ့အပါအဝင် FPNCC လို့ခေါ်တဲ့ မြောက်ပိုင်းအဖွဲ့တွေကို တရုတ် နိုင်ငံခြားရေးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က ခေါ်ပြီး တိုက်ပွဲတွေရပ်ဖို့ သတိပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

စစ်ရေးတင်းမာမှုတွေနဲ့ပတ်သက်လို့ မနေ့ သြဂုတ်လ ၂၂ ရက်ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်ကြီး မစ္စတာ Chen Hei တို့ နေပြည်တော် မှာ ဆွေးနွေးခဲ့ကြပြီး တရုတ်သံတမန်က တိုက်ခိုက်မှုတွေကို ကန့်ကွက်တယ်လို့ ပြောဆိုခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG