သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ AA တပ်ဖွဲ့တွေ ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား


စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)
စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် AA က မကြာသေးခင်ရက်တွေမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ဘက်ဆိုင်ရာ အချက်အချာ နေရာမှာ အခုနောက်ဆုံး တိုက်ပွဲသံ မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်က ဗျုဟာကုန်းမှာ တိုက်ပွဲသံ စဲသွားပေမဲ့ ဘူးသီးတောင်နဲ့ သံတွဲမြို့နယ်တွေမှာတော့ တိုက်ခိုက်မှုတွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

စစ်ရေးအရ အချက်အချာကျတဲ့ အမ်းမြို့နယ် တောဟိန်းတောင်ဗျူဟာကုန်းကို AA တပ်ဖွဲ့က လနဲ့ချီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။ ဒါပေမဲ့လည်း ဒီရက်ပိုင်းမှာတော့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားတဲ့အသံ မကြားရတော့ဘူးလို့ ဒီဒေသမှာ အခြေစိုက်တဲ့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းကြည်က ပြောပါတယ်။

“ တောဟိန်းတောင်ဗျူဟာကုန်းကို AAကသိမ်းလိုက်ပြီလို့တော့ မနေ့ကကတည်းက သတင်းထွက်တယ်၊ ပြီးတော့ တောဟိန်းတောင်ဗျူဟာကုန်းက လက်နက်နဲ့ ထွက်ပြေး သွားတယ်လို့လည်း ကြားရတယ်။ ဆိုတော့ ဒီနေ့ကတော့ ထပ်ပြီးတော့ သေနတ်သံတွေတော့ ကြားနေရသေးတယ်၊ ဒါပေမဲ့ ဟိုရက်ပိုင်းတွေကလို ပြင်းပြင်းထန်ထန် သိပ်မရှိ တော့ဘူး၊ လက်နက်ကတော့ ပစ်နေကြတုန်းပါပဲဟုတ်။”

တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမဲ့ AAဘက် ကဒီကနေ့ အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ AA က အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ဒီနေရာဟာ ဒေသတွင်းမှာ စစ်ရေးအရ အချက်အချာကျတယ်လို့လည်း ဦးထွန်းကြည် ကပြောပါတယ်။

“ တောဟိန်းတောင် ဗျူဟာကုန်းဆိုတာ အမ်းဌာချုပ်ရဲ့ အဓိက ဗျူဟာကုန်းတခုဖြစ်တယ်။ သူက အဲဒီပတ်ဝန်းကျင်မှာ အမြင့်ဆုံးတောင်တခုလည်းဖြစ်တယ်၊ လက်နက်ကြီးတွေလည်း တောက်လျောက် ဒီဘက်မှာ အရပ်သားရွာတွေကို လှည့်ပြီးပစ်နေတာကလည်း ဒီတောဟိန်း တောင် ဗျူဟာကပဲ အဓိက ပစ်နေတာဖြစ်တယ်။ အမ်းဆိုတာကလည်း တောင်ပတ်ပတ် လည်ဝိုင်းရံထားတဲ့ မြို့ဆိုတော့ ဒီတောဟိန်းတောင် ဗျူဟာကုန်းပြီးသွားပြီ ဆိုရင်တော့ အမ်း တပ်အတွက် အခြေအနေဆိုးသွားမယ့်သဘောရှိတယ်။ အခုတိုက်ပွဲတွေက လက် နက်ကြီး တွေပဲ တောက်လျောက် သုံးနေကြတာ ဆိုတဲ့အခါကျတော့ ဒီလောက်မြင့်တဲ့ ကုန်း ကို စွန့် လွတ်လိုက်ရပြီဆိုတော့ AAဘက်က အမ်းကို သိမ်းဖို့ တော်တော်လွယ်သွားပြီလို့ ပြော လို့ ရပါတယ်။”

အမ်းမြို့နယ်အတွင်းမှာ ဒီကနေ့အထိတော့ ပစ်ခတ်သံတချို့ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ လတွေကတည်းက အမ်းမြို့နယ်တခုလုံးကို စစ်ရေးအရ စစ်ကောင်စီနဲ့ AAတပ်ကြား နှစ်ဘက် အပြန်အလှန်ပိတ်ဆို့ထားတာတွေကြောင့် ဒေသတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လတွေကတည်းက တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တွေကိုလည်း AAဘက်က စစ်ရှိန်မြင့်ထိုး စစ်ဆင်တိုက်ခိုက်နေတယ်လို့ ဘူးသီးတောင် ဒေသခံတဦးကပြောပါတယ်။

“ ကျနော်သိသလောက် ဘူသီးတောင် အခြေအနေကတော့ မြို့အနီးပတ်ဝန်းကျင်လောက်မှာ ဖြစ်နေတယ်လို့ သိရတယ်၊ တိုက်ပွဲကတော့တော်တော်လေးပြင်းထန်တယ် စကခ(၁၅)တို့ကို တိုက်နေတယ်လို့ သိရတယ်၊ တောက်လျောက်ပဲ ဂျက်ဖိုက်တာတွေနဲ့ လာဗုံးလာကြဲနေတာရှိတယ် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိ ကျနော်သိရသလောက်။”

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီဖက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ စစ်ရေးတင်းမာနေတဲ့ ဘူးသီးတောင်မှာတော့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ကိုယ်တိုင် တိမ်းရှောင်နေရတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“မြို့ပေါ်မှာတော့ ကျနော်တို့ ရခိုင်လူမျိုးတွေနဲ့ တခြားမျိုးနွယ်စုတွေတော့ မရှိကြတော့ဘူး၊ ကျန်တဲ့ မွတ်ဆလင်လူမျိုးတွေတော့ ရှိသေးတယ်၊ မြို့ပေါ်မှာ တချို့ပညာတက် မွတ်ဆလင်တွေတော့ မရှိကြတော့ဘူး၊စစ်ကောင်စီရဲ့ လက်ကိုင်တုတ်လို့ ဆိုလို့ရတဲ့ မွတ်ဆလင်တွေပဲ ကျန်ခဲ့တယ် မြို့ပေါ်မှာက။”

ဒါ့အပြင် ဘူးသီးတောင်မြို့ပေါ်က ထွက်ပြေးလာကြသူတွေဟာ နီးစပ်ရာလွတ်မြောက်ကျေးရွာတွေမှာ ခိုလုံနေကြရပြီး သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ အတော်အခက်ကြုံ နေရတယ်လို့ သူကဆက်ပြောပါတယ်။

“အခုအချိန်မှာတော့ ထွက်ပြေးနေကြတဲ့ ပြည်သူတွေက ဘူးသီးတောင်ထဲမှာတော့ လွတ်မြောက်ဒေသတွေမှာရှိကြတယ်၊ တချို့ဆိုရင်လည်း ရန်ကုန်ပြေးကြတယ်။ လွတ်မြောက် ဒေသမှာရှိကြတဲ့ ပြည်သူတွေကတော့ ကျေးရွာတွေမှာ အခုနွေရာသီဆိုတော့ ရေရှားပါးမှု ပြဿနာကြုံရတယ်၊ နောက်ပြီးတော့ စားနပ်ရိက္ခာ ကျနော်တို့ မရှိဆင်းရဲသား တွေကတော့ စားဝတ်နေရေးအတွက်တော်တော်လေး ရုန်းကန်ပြီးစားနေကြရတယ်၊ တချို့ဆိုရင် အငတ်ဘေးဆိုက်တော့မယ် အခြေအနေရောက်နေပါပြီ။”

ပြီခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ ရခိုင်တိုက်ပွဲဟာ ဒီကနေ့ အထိမြို့နယ်တချို့မှာ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ရခိုင်တောင်ပိုင်းက သံတွဲမြို့နယ်မှာလည်း ဒီကနေ့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ AA ဘက်ကတော့ တိုက်ပွဲကာလတလျှောက် ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထားပြီး ဖြစ်သလိုကျန်တဲ့မြို့နယ်တွေအားလုံးကိုသိမ်းပိုက်သွားမယ်လို့လည်းထုတ်ပြန်ကြေငြာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG