သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်


တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း AA ထုတ်ပြန်ထားသည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း AA ထုတ်ပြန်ထားသည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ မနေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းပိုက်ခဲ့တဲ့ ပေါက်တောမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ မြို့တွင်းမှာ တိုက်ပွဲကြား ပိတ်နေသူတွေ ရှိနေသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

ရခိုင်လက်နက်ကိုင်AAအဖွဲ့က ရခိုင်မြောက်ပိုင်းက ပေါက်တောမြို့မရဲစခန်းကို သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီက ရေကြောင်းကရော၊ လေကြောင်းကပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပေါက်တောမြို့နယ်ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီးလို့ စစ်ကောင်စီက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင် မြဝတီရုပ်သံမှာ ပြောပါတယ်။

“ပေါက်တောမှာတော့ ပေါက်တောနယ်မြေရဲစခန်းကို AA အဖွဲ့ ဝင်ရောက်ခဲ့တာရှိတယ်။ သူတို့ ဝါဒဖြန့်တာရှိတယ်။ ပေါက်တောတမြို့လုံးကို ထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်တာရှိတယ်။ တပ်မတော် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့အနေနဲ့ ပေါက်တောကို ရောက်ရှိပါတယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရောက်ရှိလာတာနဲ့ ရန်သူများ ဆုတ်ခွာသွားတာကို ကျနော်တို့ တွေ့ခဲ့တာ ဖြစ်ပါတယ် ပေါက်တောကို ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။”

လက်ရှိမှာတော့ ပေါက်တောမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ နေရာယူထားတာကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေ အများအပြားရှိသလို စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ် တွေ ပစ်ခတ်မှု တွေကြောင့် သေဆုံးဒဏ်ရာရ တာတွေလည်း အများအပြားရှိနေတယ်လို့ ပေါက်တောမြို့ပေါ်က ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီက မြို့ပေါ်မှာ နေရာယူလိုက်တယ်။ နေရာယူပြီးတော့ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းဆီးတာတွေ ပစ်ခတ်တာတွေ ရှိတာပေါ့နော်။ ဒါမျိုးတွေ ရှိနေတယ်။ ဒါပေမယ့် အရေအတွက်ကိုတော့ ကျနော်တို့ အတည်ပြုလို့မရသေးဘူး။ ဒါပေမယ့် အရေအတွက်များမယ်၊ အသေအပျောက်တွေ များမယ်။ လက်နက်ကြီးကျတာရော ပစ်ခတ်ခံရတာရောကျနော်တို့ သိသလောက် ပစ်ခတ်ခံရတာ အမျိုးသမီးတွေ များတယ်။ အတည်ပြုလို့ မရသေးတာပဲရှိတယ်။ အရေအတွက်ကတော့ များတယ်။ တချိန်တည်းမှာပဲ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း အများကြီးရှိတယ်။ ကျန်းမာရေး မကောင်းသူတွေ ကလေးတွေ မြို့ထဲမှာ အခုထိအများကြီး ရှိပါသေးတယ်။ ထွက်လို့မရဘူးပေါ့နော်။”

လက်ရှိမှတော့ ပေါက်တောမြို့ပေါ် ပိတ်မိနေသူတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေကြသလို စစ်ကောင်စီက ထိန်းချုပ်ထားတာကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးတာပါ။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ ပေါက်တောဒေသခံတွေကို ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီက လက်တုန့်ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်း စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ အရပ်သားထိခိုက် သေဆုံးဒဏ်ရာရတာတွေလည်း ရှိသလို ဘေးလွတ်ကို ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ထောင်နဲ့ချီရှိနေတာပါ။ လက်ရှိဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပေါက်တောဒေသခံတဦးကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကို ကြိုဆိုပေမယ့် နှစ်ဘက်လက်ကိုင်တပ်တွေအနေနဲ့ အရပ်သားထိခိုက်မှု မရှိအောင် ကာကွယ်ပေးသင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ကျနော့်တယောက်တည်းအမြင်ကို ပြောရမယ်ဆိုရင်တော့ တိုက်ပွဲတွေကို ကျနော် ဘာမှမပြောလိုဘူး၊ ဒါရည်ရွယ်ချက်တွေနဲ့ တိုက်ကြတာပေါ့နော်။ တသီးပုဂ္ဂလအနေနဲ့ ပြောရင် ထောက်ခံတယ် ကြိုဆိုတယ်။ ဒါပေမယ့် အရပ်သားတွေကို မထိခိုက်အောင် ကျနော်တို့ လုပ်ရမယ်။ စစ်ကောင်စီတပ်အနေနဲ့ဆိုရင် သူတို့ အထိနာတိုင်း အရပ်သားတွေကို ဦးတည်ပစ်ခတ်တာမျိုးတွေ ရှိတာပေါ့နော်။ ဒါနိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာပဲ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာပဲ ဒါတွေကို မလုပ်ဖို့လိုတယ်။ လက်နက်ကိုင်အဖွဲ့တိုင်းကလည်း အရပ်သား မထိခိုင်အောင် ထိခိုက်မှုကတော့ ရှိမှာပါပဲ။ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်တွက်ဆပြီးတော့ လုပ်ဖို့လိုတာပေါ့။ ဒီတိုက်ပွဲကတော့ ကျနော်တို့အတွက် ကြိုဆိုရမယ့် တိုက်ပွဲတွေပါ။”

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ရခိုင်မြောက်ပိုင်းမှာတင်မကပဲ ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝမြို့နယ်တွေမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ မောင်တောအခြေစိုက် ဒုံးညို နယ်ခြားစောင့်စခန်းကို ဒီကနေ့ သိမ်းပိုက်နိုင်ခဲ့သလို စစ်သုံ့ပန်း ၁၈ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လက်နက်ချက်အညံ့မခံတဲ့ စခန်းတွေကိုလည်း တခုပြီးတခု ဆက်လက်တိုက်ခိုက်သွားမယ်လို့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG