သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့အနီးတဝိုက် တိုက်ပွဲတွေပြင်းထန်နေ


KNDF က ထုတ်ပြန်ထားသည့် ဓါတ်ပုံမှာတွေ့ရတဲ့ စစ်ကောင်စီတပ်သားများရဲ့ ဝတ်စုံများ
KNDF က ထုတ်ပြန်ထားသည့် ဓါတ်ပုံမှာတွေ့ရတဲ့ စစ်ကောင်စီတပ်သားများရဲ့ ဝတ်စုံများ

နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ တစ်လေးလုံး စစ်ဆင်ရေး ၅ ရက် မြောက်နေ့မှာ လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွါးနေပါတယ်။ စစ်ကောင်စီဘက်က စစ်ရေးအရ ကျရှုံးနေပြီး လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ဒီကနေ့ တနေ့လုံး တောက်လျှောက် တိုက်ခိုက်နေတာပါ။ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကတော့ တိုက်ပွဲရဲ့ ၄ရက် မြောက်နေ့ မနေ့က အထိဆို အရပ်သား သေဆုံးမှုက ၃၇ ဦးအထိ ရှိနေတယ်လို့က ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးမှာပါ။

လွိုင်ကော်မြို့ ဝန်းကျင် နေရာအနှံ့မှာ ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီ အကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတာ ဒီနေ့ဆို ၅ရက် ဆက်တိုက်ရှိလာပါပြီ။ တစ်လေးလုံး စတင်လိုက်တဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ ဒီကနေ့အထိ ကရင်နီတပ်မတော် KA၊ ကရင်နီကာကွယ်ရေး KNDF/ KNPLF နဲ့ လွိုင်ကော်၊ ဒီမောဆို၊ မိုးဗြဲအပါအဝင် ဒေသခံ ကာကွယ်ရေးတပ်တွေစုပေါင်းထားတဲ့ ကရင်နီတပ်ပေါင်းစုတွေက စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေ၊ ဂိတ်စခန်း တွေ၊ စစ်ဆေးဂိတ်တွေကို တိုက်ခိုက်သိမ်းပိုက်နေတာပါ။

စစ်ကောင်စီတပ်အနေနဲ့ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ရေးအရ ကျရှုံးနေတာကြောင့် လက်နက်ကြီး အဆမတန်အသုံးပြု ပစ်ခတ်နေသလို၊ လေကြောင်းကနေ အပြင်းအထန် ပြန်ခုခံတိုက်ခိုက်နေပြီး ၁၅ မိနစ်တခါ လေယာဉ်နဲ့ ဗုံးလာကြဲ နေတာ ဖြစ်ပြီး ဒီကနေ့တော့ လွိုင်ကော်တက္ကသိုလ်ကို သိမ်းပိုက်လိုက် နိုင်ပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက က ဗွီအိုအေကို ပြောပါတယ်။

“စခန်းရယ်လို့ သိမ်းတာမျိုးမရှိဘူးပေါ့။ အဲ့အနီးအနားတဝိုက်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တိုက်ခိုက်တာမျိုးတွေတော့ ရှိပါတယ်။ ဥပမာ လွိုင်ကော်တက္ကသိုလ်တို့ဟာမျိုးပေါ့နော်။ ပညာရေးဝန်ထမ်းတွေကို ဓါးစာခံအဖြစ်လုပ်ထားတဲ့ စစ်ကောင်စီတပ်တွေကို ကျနော်တို့ကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ လွိုင်ကော်တက္ကသိုလ်ထဲမှာ စစ်ကောင်စီက တပ်စွဲထား တာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့နော်။ ဆိုတော့ အဲ့မှာ စစ်ကောင်စီတပ်ဖက်က အကျအရှုံးများတယ်။ အကျအရှုံးများပြီးတော့ တချို့လည်း ထွက်ပြေးတယ်။ တချို့တော့လည်း လက်နက်ချတယ်ပေါ့နော် အဲ့လိုအခြေအနေတွေရှိတယ်။ အခု လောလောဆယ် တက္ကသိုလ်ဝင်းကိုတော့ ကျနော်တို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်ပေါ့နော် အဲ့လိုအခြေအနေဖြစ်ပါတယ်။”

သေနတ်သံတွေဆူညံနေတဲ့ တိုက်ပွဲကြားမှာရောက်နေတဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံက ပြောသွားတာပါ။ လက်ရှိမှာ လွိုင်ကော်ထောင်ကို မသိမ်းသေးပေမယ့် ထောင်အနီးတဝိုက် ချထားတဲ့ စစ်ကောင်စီကင်းပုန်းစခန်း တိုက်ခိုက်နေတယ်လို့ လည်း ပြောပါတယ်။ မနေ့ကတော့ လွိုင်ကော် တက္ကသိုလ်ဝင်းထဲမှာ တပ်စွဲထားတဲ့ တပ်မ (၆၆)လက်အောက်ခံ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်း တို့ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူး၊ ဒု-ရင်းမှူးများ အပါအဝင် တပ်ဖွဲ့ဝင် (၁၁၀)ကျော်သေဆုံးပြီး၊ ခဲယမ်းလက်နက်မျိုးစုံ (၁၂၈) လက်နဲ့ (၃၈)ဦးကို ဖမ်းမိသလို၊ တပ်ခွဲမှူး ကောင်းမြတ်ကို (ကြည်း - ၄၆၅၉၇) ဦးစီးတဲ့ စစ်ကောင်စီတပ်သား (၃၂) ဦးက လက်နက်ချခဲ့ကြောင်း သူတို့ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်းလည်း KNDF က ပုံနဲ့ တကွ သတင်းထုတ်ပြန်ပါတယ်။ အခုလို စစ်ကောင်စီတပ်သားတွေ ကာကွယ်ရေး တပ်တွေဆီ လက်နက်ချတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။

KNDF က ထုတ်ပြန်ထားသည့် ဓါတ်ပုံမှာတွေ့ရတဲ့ စစ်ကောင်စီထံက သိမ်းဆည်းရမိသည့်လက်နက်များ
KNDF က ထုတ်ပြန်ထားသည့် ဓါတ်ပုံမှာတွေ့ရတဲ့ စစ်ကောင်စီထံက သိမ်းဆည်းရမိသည့်လက်နက်များ

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ လွိုင်ကော် တက္ကသိုလ်ကို တိုက်ခိုက်ပြီး ပညာရေးဝန်ထမ်းတွေ ကျောင်းသားကျောင်းသူတွေကို အတင်းအဓမ္မေ ခါ်ဆောင်သွား တယ်လို့ မနေ့က သတင်းထုတ်ပြန်ပေမယ့် KNDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူကတော့ စစ်ကောင်စီက ဓါးစာခံလုပ်ထားတဲ့ ပညာရေးဝန်ထမ်းနဲ့ မိသားစုတွေကို ကယ်ထုတ်ခဲ့ပြီး ဘေးကင်းတဲ့ နေရာပြောင်းရွှေ့ထားတယ်လို့ ပြောပါတယ်။

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ကိုဗညားကတော့ တော်လှန်ရေး တပ်ပေါင်းစုတွေ ကယ်ထုတ်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်က CDM မလုပ်တဲ့ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးတို့ကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးတွေနဲ့အညီ ပြည်ထဲရေးဌာနရဲ့ စီမံကြီးကြပ်မှု အောက်မှာ ဘေးကင်းစွာ စောင့်ရှောင်ထား ကြောင်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (UNCC) ရဲ့ CDM နိုင်ငံဝန်ထမ်းဆိုင်ရာ မူဝါဒနဲ့ အညီ လုပ်ဆောင် မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေကြေမှုလည်း မြင့်တက်နေပြီး မနေ့ကအထိ အရပ်သား ၃၇ ဦးသေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဗညားက ပြောပါတယ်။

“မနေ့ကညအထိကတော့ ကျနော်တို့ အရပ်သားပေါင်းပေါ့၊ လွိုင်ကော်နဲ့ ဒီမိုးဗြဲမြို့တွေမှာ ၃၄ ဦးပေါ့နော်။ အဲ့ဒါ ကျနော်တို့ စာရင်းအတိအကျနဲ့ပေါ့နော် ၃၄ ဦး သေဆုံးတယ်။ နောက် လူအယောက် ပေါင်း ၅၀ ထက်မနည်းပေါ့နော် ထိခိုက်ဒဏ်ရာရရှိမှုရှိပါတယ်ခင်ဗျ။ တချို့ကတော့ ကျနော်တို့ စာရင်း ထဲ မှာ မထည့်ဘူးပေါ့နော် သက်ကြီးရွယ်အိုတချို့ လက်နက်ကြီး ဗုံးသံတွေကြားတော့ နှလုံးရပ်ပြီး တော့မှ ဆုံးသွားသူတွေရှိပါတယ် ၃ ယောက်ဟုတ်ဟုတ်။”

ဒီနေ့လည်း လေယာဉ်ဗုံးကြဲနေပြီး အရပ်သားတွေ ခြေပြတ်လက်ပြတ် ပြင်းပြင်း ထန်ထန်ဒဏ်ရာ ရသူတွေများနေတယ်လို့ လွိုင်ကော်- မိုင်းလုံးရပ်ကွက် နေသူက ပြောပါတယ်။

“အခုတင် နှစ်ခေါက်ကြဲသွားတာ အဲ့မှာ အများကြီးပဲ ပိတ်မိနေတာ။ အကုန်လုံးလေ ဟို…ကျနော်တို့ ဖောကြီးထဲမှာ အဲ့ခြေပြတ်လက်ပြတ်တွေ အများကြီးရောက်နေတယ်၊ ခြံအစ်မကြီးရော ခုလေတင်ကြဲသွားတာ။”

“အေးလေယာဉ်တအားကြဲတော့ ငြိမ်နေတာ၊ လေယာဉ်တစီးတော့ ပတ်ကြဲနေတာနော်။ ဒေါဥခူရပ်ကွက်တို့ နာနတ်တောရပ်ကွက်တို့ပေါ့ မုန်ပြာတို့ ….. ဘယ်မှာကျလဲမသိဘူး၊ လက်နက်ကြီးလား……….”

လွိုင်ကော်မြို့ က စစ်ရှောင်အရေးကူညီနေတဲ့ သံဃာတော်ကို ဗွီအိုအေက မေးမြန်းချိန်မှာပဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာပါ။ လွိုင်ကော်တဝိုက် ဒေသစံတော်ချိန် ညနေအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG