သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်ပဋိပက္ခ သေဆုံးသူ ၄၀၀ ထက်မနည်းရှိပြီ


တောင်ဆူဒန်နိုင်ငံမြို့တော်မှာ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုဆိုရင် တခြားမြို့တွေကိုပါ ပျံ့နှံ့လာနေပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေဟာ အာဏာသိမ်းဖို့ ကြံစည်ရာကနေ စတင်ခဲ့တာလို့ အစိုးရက ပြောပါတယ်။ Bor ဆိုတဲ့မြို့မှာ ဗုဒ္ဓဟူးနေ့က ၄ နာရီကြာလောက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့တယ်လို့ တောင်ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောပါတယ်။

မြို့တော် Juba မှာရှိတဲ့ ကုလသမဂ္ဂရုံးခွဲ ၂ ခုထံမှာ လာရောက် ခိုလှုံခွင့် တောင်းခံသူ ၁ သောင်းလောက်ရှိတယ်လို့ ခန့်မှန်းထားပြီး အဲဒီအထဲက ၃၉ ယောက်ကိုတော့ ဆေးကုသမှု ပေးနေရတယ်လို့ ဆိုပါတယ်။ မြို့တော် Juba ရဲ့ အရှေ့တောင်ဘက်က Torit စစ်အခြေစိုက် စခန်းရှိရာမြို့မှာလည်း မနေ့ညက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တောင်ဆူဒန်နိုင်ငံမြို့တော်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရက်အတန်ကြာ ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၄၀၀ သေဆုံးပြီး ၈၀၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တောင်ဆူဒန်ဆေးရုံတွေက ကုလသမဂ္ဂကို ပြောတဲ့အကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့တွေရဲ့အကြီးအကဲ Herve Ladsous က လုံခြုံရေးကောင်စီကို အင်္ဂါနေ့က အသိပေးလိုက်ပါတယ်။ ဒါပေမဲ့ သေဆုံးသူအရေအတွက် အတိအကျကိုတော့ ကုလသမဂ္ဂအနေနဲ့ သီးခြား အတည်ပြုလို့ မရဘူးလို့ ဆိုပါတယ်။

တောင်ဆူဒန်နိုင်ငံမှာ အုပ်တခုကနေ တခုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အပေါ် လုံခြုံရေးကောင်စီအနေနဲ့ စိုးရိမ်ပူပန်ကြောင်း အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပြီး အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တောင်ဆူဒန်နိုင်ငံမှာ ဇူလိုင်လတုန်းက ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ ဒုသမ္မတ Riek Machar အပေါ် သစ္စာခံသူတပ်ဖွဲ့တွေက အာဏာသိမ်းဖို့ ကြံစည်တဲ့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သမ္မတ Salva Kiir က ပြောပါတယ်။ မြို့တော် Juba မှာ တနင်္လာနဲ့ အင်္ဂါနေ့တွေအထိ ကြိုကြား ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
XS
SM
MD
LG