သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်မိ ကချင်အရပ်သား ကယ်ထုတ်ရေး စစ်တပ်ဟန့်တား


ဓာတ်ပုံ ( Kachin News)
ဓာတ်ပုံ ( Kachin News)

ကချင်ဝန်ကြီးနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကို ကချင်တပ်ဘက်က ခေတ္တထိန်းသိမ်းလိုက်ပြီးတဲ့နောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင် လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲကြား ပိတ်မိနေတဲ့ရွာသားတွေကို သွား ကယ်ထုတ်ဖို့ ကြိုးစားတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတွေကို မြန်မာစစ်တပ်ဘက်က သွားခွင့်မပေးဘဲ ပိတ်ထားတဲ့အတွက် စစ်ဘေးဒဏ်သင့် ဒေသခံ ပြည်သူတွေကို ကယ်ဆယ်ရေး အခက်တွေ့နေပါတယ်။ မငြိမ်းချမ်းနိုင်သေးတဲ့ ကချင်ပြည်နယ်ထဲက တကျော့ပြန် စစ်ရေးတင်းမာမှုတွေရဲ့ နောက်ဆုံး အခြေအနေမဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေ ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ် ဂွေခါနမ်မှော်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၄ ရက်နေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၊ နောက်ပြီးတော့ လမ်းကြောင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း (၆) က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီးတဲ့နောက် ကချင်ပြည်နယ်တွင်းမှာ စစ်ရေးတင်းမာမှုဖြစ်လာတာပါ။ ကချင်ပြည်နယ်တွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်လာနေတဲ့ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီဝင် ဦးဒွဲပီဆာက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“၁၅ ရက်မှာ တပ်ရင်း (၆) ကို လာသိမ်းတယ်၊ လာတိုက်တယ်။ နောက် တပ်မဟာ (၁) ပသော်ခရိုင်၊ ကျနော်တို့ KIA တပ်ရင်း (၇) စခန်းတခုကိုလည်း သူတို့ လာသိမ်းလိုက်တယ်။ ဇန်နဝါရီ ၁၅ ရက်မှာဆိုရင် အောင်ဘာလေကို ဗမာတပ်တွေက လာသိမ်းလိုက်တာကို။ လာသိမ်းလိုက်တော့ ..... ဆရာတွေက ရွာသားတွေကို ဟာဂမ်း၊ လောင်ခမ်ပေါ်ကို ခေါ်သွားဖို့ သူတို့က အစီအစဉ်ရှိတယ်တဲ့။ ဒါပေမယ့် ဗမာတပ်တွေက ခွင့်မပြုဘူးပေါ့။ ”

ဖားကန့်မြို့နယ်ထဲက အောင်ဘာလေကျေးရွာတဝိုက်မှာ စစ်တပ်က နေရာယူပြီး တိုက်နေတဲ့အတွက် ကချင်တပ်နဲ့ မြန်မာစစ်တပ် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲကြား ရွာသားတွေ ပိတ်မိနေကြပါတယ်။ ဒီလို ဒုက္ခရောက်နေတဲ့ ရွာသားတွေကို ကားတွေနဲ့ သွားကယ်ဖို့ ဖားကန့်က ဘာသာရေး၊ လူမှုရေးအဖွဲ့တွေက ကြိုးစားတာကို မြန်မာတပ်ဘက်က ခွင့်မပြုဘူးဖြစ်နေတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က ကိုစာဂျီကပြောပြပါတယ်။

“လှောင်ပိတ်ထားတဲ့ပြည်သူတွေကို ကယ်ဆယ်ဖို့ အခု ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေးပါတီကအစ ရှိတယ်။ အဲဒါကို ကယ်ထုတ်ဖို့ ကားတွေအသင့် ရာနဲ့ချီပြီး တန်းစီတယ်။ ဒါပေမယ့် စစ်တပ်က သူတို့ကယ်ထုတ်ဖို့ လုံးဝ ခွင့်မပြုဘူး။ အဲဒါ ဘာကြောင့် ဒီလိုဖြစ်လဲဆိုတာက အဲဒီမှာရှိတဲ့ပြည်သူတွေ ရှိလို့ရှိရင် KIA က လာမပစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ corver ပေါ့၊ ဓားစာခံပုံစံနဲ့ ရွာကို သိမ်းထားတယ်။ ပြည်သူတွေကို အပြင်ကယ်ထုတ်ဖို့ လုံးဝကို ခွင့်မပြုဘူး။ အဲဒါကြောင့် အခုက ပုံစံတမျိုး ဖြစ်နေပြီ။ ဖားကန့်က ပြည်သူတွေက ကားရာနဲ့ချီပြီး သပိတ်မှောက်တဲ့ပုံစံပေါ့နော်။ မရမက အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာက ပြည်သူကို ကယ်ထုတ်ဖို့ အခု အင်အားပြတဲ့အနေနဲ့ လုပ်တော့မှာ။ အခု သူတို့ တန်းစီနေပြီ။ ခွင့်ပြုပြု မပြုပြုပေါ့နော်၊ ညသန်းကောင် အိပ်ရာနဲ့ဘာနဲ့ အားလုံးက တန်းစီနေပြီ။”

ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်နေတာဟာ လုံခြုံရေးစိုးရိမ်စရာဖြစ်နေပြီး ဒုက္ခသည်တွေကို ဖားကန့် ဒေသခံတွေက ကူညီကယ်တင်ပေးဖို့ ကြိုးစားနေတဲ့အကြောင်း အခုလိုပြောပြပါတယ်။

“မသွားခိုင်းဘူး။ ဆန်ခါမှာပဲ ကားတွေတန်းစီထားတယ်၊ ၁၅၅ စီးစလုံး။ မပြန်လာသေးဘူး၊ ညလည်း မသွားခိုင်းရင် နေထားမယ်လို့ ပြောတယ်ကော။ ...ရှိတဲ့ဘက်ကို သွားတာရှင့်။ အဲဒီမှာ ဒုက္ခသည်တွေကို သွားကြိုမယ်ဆိုတဲ့ ပုံစံမျိုးနဲ့မှ သွားတာရှင့်။”

ကားလမ်းကို ဖြတ်သန်းခွင့်မပြုတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲသလို စစ်ဘေးဒဏ်သင့်ပြည်သူတွေဆီ အကူအညီတွေပေးဖို့အရေးလည်း အခက်တွေ့နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဖားကန့်ဒေသခံတွေ ရာနဲ့ချီစုဝေးပြီး ကယ်တင်နိုင်ဖို့အရေး တာဝန်ရှိသူတွေကို တောင်းဆိုနေကြတဲ့အကြောင်း ကချင်ပြည်သူတွေ အရေး ကူညီပေးနေတဲ့ ကိုစာဂျီကပြောပြပါတယ်။

“အခု အဲဒီမှာ လူဦးရေ ဒေသခံက ၁ ထောင်ကျော်၊ ၁ ထောင်ဝန်းကျင်လောက် ရှိမယ်။ ဒါပေမယ့် အပြင်က လက်လုပ်လက်စားလည်း အများကြီးရှိတယ်လေ။ ရခိုင်ရော၊ ရှမ်းရော၊ ဗမာရော အများကြီးပဲ၊ အဲဒီမှာ ပိတ်မိနေတယ်။ အောင်ဘာလေက ကျောက်စိမ်းတွင်းပေါ်ပေါ့။ ဗိုင်းကောင်ဝ ကျေးရွာပေါ့။ ကံစီဟော ဆိုတဲ့ရွာရှိတယ်။ နောက်ပြီး ရွာတွေ အများကြီးပါ။ သုံးရွာလောက် ရှိတယ်။ အဲဒီမှာလူတွေက ထောင်ချီပြီးရှိတယ်။ နှစ်ထောင်၊ သုံးထောင်လောက်ရှိမယ်။ အားလုံးပေါင်းလိုက်ရင်၊ အားလုံးချောင်ပိတ်နေတယ်။ မရမက ကယ်ထုတ်နိုင်အောင် အင်အားပြတဲ့အနေနဲ့ဆို အခုက လူတွေအများကြီးပေါ့နော်၊ ချီတက်နေတယ်။ အခုက ကားတွေ စုဆောင်းနေဆဲပေါ့နော၊”

အခုနောက်ဆုံးအခြေအနေကတော့ ကချင်ပြည်နယ်ဝန်ကြီးကို ဆက်ထွက်ခွာခွင့်ပြုပေမဲ့ လမ်းကြောင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင်သုံးဦးကိုတော့ ကချင်တပ်ဘက်က ဆက်ဖမ်းထားဆဲဖြစ်လို့ ထိန်းသိမ်းထားသူတွေကို အမြန်ဆုံးပြန်လွှဲပြောင်းပေးရေး ကချင် ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့နဲ့ မြစ်ကြီးနားမြို့က နည်းပညာဆိုင်ရာအကြံပေးအဖွဲ့တို့က ညှိနှိုင်းဖြေရှင်းပေးနေသလို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ မြန်မာပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG