သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေဖြစ်ပွား


ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ဌာနချုပ်အနီး နမ့်ဆန်ယန်မှာ စစ်ကောင်စီနဲ့ KIA အကြား စစ်ရေး တင်းမာနေချိန်မှာ ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုးမောက်မြို့နယ်အတွင်းမှာတိုက်ခိုက်ခံရသလို၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကာလအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ စစ်ကောင်စီနဲ့ TNLA တအန်း(ပလောင်) တပ်အကြားမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်မြင့်တက်လာတဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသက အခြေအနေတွေကို ကိုငြိမ်းချမ်းက စုစည်းတင်ပြထားပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ကနေ စတင်ပြီး ဝိုင်းမော်မြို့နယ် KIO ဌာနချုပ်လိုင်ဇာအနီးက နမ့်ဆန်ယန်မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဒေသတဝိုက် စစ်ရေး တင်းမာမှုတွေ ပြန်လည် မြင့်တက်လာနေတာပါ။ မနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ကတော့မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း ဗန်းမော်ကနေ နမ့်ဆန်ယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုးမောက်မြို့နယ် နွမ်လန်းရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မိုးမောက်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ မနေ့က ဒီဘက်က ယာဉ်တန်းနဲ့ တက်လာတာကို နွမ်လန်းအထက်မှာ မိုင်းခွဲတယ်လို့ ပြောတယ်။ အဲဒါကြောင့်မို့ သူတို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာပေါ့။ ထိခိုက်တာတို့ ဘာတို့ကတော့ မကြားမိဘူး။ ဖြစ်တာက မနက်ပိုင်း ၈ နာရီခွဲ အဲလောက်ပဲပေါ့။ ဟိုမှာ စပါးစိုက်တဲ့ဟာတွေတောင်အကုန်လုံး ထွက်ပြေးရတာ။ ”

ဝိုင်းမော်မြို့နယ်က ဒေသခံတဦးကတော့ နမ့်ဆန်ယန်ကျေးရွာ အနီးမှာ ဒီလ ၇ နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့သလို၊ ၈ ရက်နေ့ ညပိုင်းမှာဘန်ဒေါင်ယန်ရွာဘက် ကို ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာနမ့်ဆန်ယန်နဲ့ လိုင်ဇာဒေသ တဝိုက်မှာ အခြေအနေ ရှုပ်ထွေးနေတယ်လို့လည်း သူက ပြောပါတယ်။

“စစ်ကြောင်းထိုးတာက ဗန်းမော်ဘက်ကရော၊ ဒီဘက်ကရော၊ ရေကြောင်းအနောက်ဘက်ကရော အဘက်ဘက်ကနေ စစ်ကြောင်းရှိတယ်လို့ ကြားတယ်။ ”

KIO ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲမရှိပေမဲ့၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေတော့ ရှိကြောင်းပြောပါတယ်။

“မြေပြင်တိုက်ပွဲတွေကတော့မရှိဘူးခင်ဗျာ။ ဟို ၃ ရက်နေ့တုန်းက ဖြစ်တဲ့ မြေပြင်တိုက်ပွဲပဲ ရှိပါတယ်။ တခြားရက်မှာကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တာပဲ ရှိပါတယ်။”

စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးတွေဟာ လိုင်ဇာမြို့ အနီး ပတ်ဝန်းကျင်မှာကျရောက်တာရှိပေမဲ့ အထိအခိုက် သတင်းတော့ မရရှိကြောင်း ပြောပါတယ်။ ဝိုင်းမော်မြို့နယ် ကံပိုက်တည်ကားလမ်းက ဆဒုံးမြို့အနီးမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေသလို ဒီလ ၈ရက်နေ့က ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က ရှဒူးဇွပ်ရွာမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ ရှဒူးဇွပ်အခြေစိုက် ပြည်သူ့စစ်တပ်စခန်းတွေကို KIA က ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးနှစ်ဘက်အကျအဆုံးရှိခဲ့သလိုဒေသခံတဦး သေဆုံးပြီး အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံအတော်များများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့လည်း ရှဒူးဇွပ်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ KIA အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာလည်း ဒီလအတွင်း တိုက်ပွဲ ၃ကြိမ်ထက် မနည်းဖြစ်ခဲ့ပါတယ်။ မနေ့ကလည်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရှမ်းမြောက်ဒေသခံတဦးက ပြောပါတယ်။

“ ခရီးသွားတာ ကားစီးနေတဲ့အချိန် လမ်းမှာတောင်မှ စစ်တပ်တွေ ခနတားထားတာ ကြုံခဲ့တယ်။ လက်နက်သံတွေတော့ ကြားတယ်။ စစ်တပ်နဲ့တခြား ဘာအဖွဲ့တွေမှန်းတော့ မသိဘူး။ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားမှာဗျ။ ”

ဒေသတွင်း သတင်းမီဒီယာတချို့ကတော့ စစ်ကောင်စီယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်တာ ဖြစ်ကြောင်း နဲ့ဒီလ ၈ရက်နဲ့ ၉ရက်နေ့တွေကလည်း ကွတ်ခိုင်မြို့နယ်အတွင်းမှာစစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ကြောင်း သတင်းဖော်ပြပါတယ်။ အလားတူ ရှမ်းမြောက်ဒေသမှာပဲ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအန်း(ပလောင်)တပ်အကြားမှာလည်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့တယ်လို့ တအန်းသတင်းသမားတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာကတော့ကျောက်မဲဘက်မှာ တစ်နေရာဖြစ်တယ်ပေါ့လေ။ နောက်တစ်နေရာကတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တစ်နေရာဖြစ်တာပေါ့လေ။ တိုက်ပွဲက အကြီးအကျယ် ပုံစံမျိုးဖြစ်တာတော့မဟုတ်ဘူးပေါ့နော်။ ကျောက်မဲဘက်မှာတော့ စစ်ကောင်စီက မိုင်းငေါ့ဘက်ကနေ ထိုးစစ်တက်လာတာပေ့ါ။ တက်လာပြီးတော့ TNLA နဲ့ ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲဖြစ်တဲ့ အနေအထားလို့ပြောလို့ ရတယ်။ ဒီ မူဆယ်ဘက်ပိုင်းမှာတော့ TNLA ရှိတဲ့ နမ့်တောင်းဆိုတဲ့ ရွာထဲကို စစ်ကောင်စီကနေပြီး ကားနဲ့ ဝင်လာပြီးတော့ လျှပ်တပြက် အလစ်အငိုက် ဝင်ပစ်သွားတာပေါ့နော်။ ဝင်ပစ်သွားပြီးတော့ အဲဒီမှာ TNLA က ပြန်လည်ပစ်ခတ်မှုတွေ ဖြစ်သွားတဲ့ ပုံစံမျိုးပေါ့နာ်။”

ကျောက်မဲမြို့နယ် မိုင်းငေါ့တိုက်ပွဲဖြစ်စဉ်မှာအရပ်သား လင်မယား ၂ ဦးမိုင်းနင်းမိလို့ ထိခိုက်တာရှိခဲ့ပြီး မူဆယ်မြို့နယ် နမ့်တောင်းတိုက်ပွဲမှာတော့ TNLA ဘက်က တယောက်ကျဆုံးသလို တယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ပြောပါတယ်။ ကျောက်မဲမြို့နယ် မိုင်းငေါ့ရွာမှာ ဒီလ ၁၀ရက်နေ့က တိုက်ပွဲ ၃နာရီခန့်ကြာ ဖြစ်ပွားပြီး နှစ်ဘက်စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်းနဲ့ မူဆယ်မြို့နယ်မှာတော့ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ကချင်နဲ့ ရှမ်းမြောက်ဒေသတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG