သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်သူတွေတိုး


ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်များ (ဓါတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)
ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်များ (ဓါတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)

ကယားပြည်နယ် (ကရင်နီပြည်) ဒီမောဆိုးမြို့နယ်ဘက်ကို မြန်မာစစ်တပ်ဘက်က အင်အား ၁၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေပြီး လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဘက်ကို စစ်ဘေးရှောင် ၉၀၀၀ နီးပါး ထွက်ပြေးခိုလှုံလာပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ လူ ၁၀၀ ကျော်ထပ်ပြီး၊ ရောက်ရှိလာတယ်လို့ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်) ဒီမောဆိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ Karenni Nationalities Defense Force-KNDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် မြန်မာစစ်တပ်ဘက်က အင်အား ၁၅၀၀ ကျော်လောက်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပါ စစ်တပ်ဘက်က တိုက်လေယာဉ်များကို အဆက်မပြတ် အသုံးပြုနေသောကြောင့် အဲဒီ ဒေသကနေ စစ်ဘေးရှောင်တွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်လာနေမူတွေ များနေပြီး၊ ပြီးခဲ့တဲ့ရက်အတွင်းကပဲ ထိုင်းဘက်ကို ထွက်ပြေးလာသူ စစ်ဘေးရှောင်ဦးရေ ၉၀၀၀ နီးပါး ရှိပြီဖြစ်ပါတယ်။

ဒါအပြင် ထိုင်းဘက်ကို ဝင်ခွင့်မရတာကြောင့် သံလွင်မြစ်ကြောင်းတလျောက်မှာ စစ်ဘေးရှောင် ၁၀၀၀ ကျော်လောက်လည်း ရှိနေပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၃၀ ရက်နေ့ကတော့ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲကို အသစ်ထပ်ပြီး ထွက်ပြေးလာတဲ့သူ ၁၁၇ ယောက် ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ မယ်ဟောင်ပြည်နယ်ထဲကို ဝင်လာတဲ့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက အခုလိုပြောသွားပါတယ်။

မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူး Chettha Mosikarat နိုင်ချဲထာ မိုစီကာရပ် ပြောတာကတော့ "မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပေမယ့် ထိုင်းနိုင်ငံနဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ဖြစ်မလာသေးပါဘူး။ မိမိတို့အနေနဲ့လည်း စစ်ပြေးဒုက္ခသည်တွေအပေါ် လူသာချင်းစာနာမှုနဲ့ ကူညီစောင့်ရှောက်သွားပါမယ်" လို့ ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

မြန်မာစစ်တပ်ဘက်က တပ်မ ၅၅ နှင့် ၆၆ ခြေမြန်တပ်ရင်းများက တပ်ဖွဲ့ဝင် ၁၅၀၀ ကျော် အင်အားအလုံးရင်းနဲ့တိုက်ခိုက်နေသလို၊ တိုက်လေယာဉ်တွေပါသုံးပြီး တိုက်ခိုက်နေတာကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က စတင်ပြီး နှစ်ဘက်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေခဲ့တာပါ။ ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်းမှာတော့၊ နှစ်ဘက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေသလို၊ ဒေသခံတွေ သေဆုံးတာ မိုင်းတွေနင်းမိတာ ထိခိုက်ဒဏ်ရာတွေရနေတာလည်း ရှိနေတာကြောင့် တိုက်ပွဲတွေကြားကပဲ စစ်ဘေးရှောင်သူတွေဟာ ထိုင်းနယ်စပ်ဘက်ကို နေ့စဉ်ထွက်ပြေးလာနေကြပါတယ်။

XS
SM
MD
LG