သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အခြေအနေ ကုလအကြီးအကဲတွေ သုံးသပ်


Filippo Grandi
Filippo Grandi

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြား လတ်တလော တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကြား သဘောတူညီချက် လုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ရေး အလွန်အင်မတန် နှေးကွေးနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး က မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်ပြဿနာအဖြစ် ဆက်ပြီး ရှိနေတဲ့ ရိုဟင်ဂျာအကြပ်အတည်း ဖြေရှင်းရေး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့တွေ့ ဆုံဆွေးနွေးဖို့နဲ့ ဒုက္ခသည် စခန်း နောက်ဆုံးအခြေအနေတွေကို ကြည့်ရှုဖို့ ကုလသမဂ္ဂ အေဂျင်စီအကြီးအကဲတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်ရှိနေကြတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁ သန်းလောက် ရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို သောကြာနေ့က သွားရောက်ကြည့်ရှုခဲ့တဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ၊ IOM နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ သူများအကူအညီပေးရေးအဖွဲ့ အကြီးအကဲ António Vitorino နဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock တို့ က သူတို့ ခရီးစဉ်နဲ့ ပတ်သက်လို့ မနေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

ရိုဟင်ဂျာအကြပ်အတည်းဖြေရှင်းရေးမှာ ဒုက္ခသည်တွေလက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်မှုတွေရှိနေပေမယ့် ဒီပြဿနာကို ဖြေရှင်းရေးဟာ မြန်မာအပေါ်မှာ အဓိက မူတည်နေကြောင်း UNHCRကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“အဖြေက အလွန်ရှင်းနေပါတယ်။ ကျနော်တို့ ဒါကိုပဲ ထပ်ပြီး ဆက်ပြီး ပြောရမှာပါ။ အဲဒါ ကတော့ မြန်မာအပေါ်မှာ မူတည်နေတယ်ဆိုတာပါ။ ဒီဒုက္ခသည်တွေ ရောက်လာတာ ကလည်း အဲဒီကပါပဲ။ ဖြေရှင်းဖို့လိုအပ်နေတဲ့ အခြေခံ အကြောင်းတရားမျိုးစုံကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးမှာ သူတို့ပြောတဲ့ အတိုင်း ဆန္ဒအလျောက်၊ လွတ်လွတ်လပ်လပ်၊ သတင်းအချက်အလက်အပေါ်မူတည် ရွေးချယ်ခွင့်ရဖို့ အတွက် သူတို့မှာ ယုံကြည်မှုအပြည့်ရှိဖို့ လိုပါတယ်။”

ဒါအပြင် ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြား လတ်တေ လာ တိုက်ပွဲတွေဖြစ် နေတာကြောင့် ဖျက်စီးခံရတဲ့ ရိုဟင်ဂျာရွာပေါင်း ၁,၀၀၀ ကို သွား ရောက်ကြည့်ရှုအကဲဖြတ်မယ့် ကုလသမဂ္ဂရဲ့ အစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေ ရကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ နေရပ်ရင်းရွာပေါင်း ၁,၀၀၀၀ လောက်ကို အကဲဖြတ်ကြည့်ရှုဖို့ မြန်မာ အစိုးရနဲ့ ကျနော်တို့ သဘောတူညီချက်ရခဲ့ပြီပါပြီ။ ဒါပေမယ်လို့ ဒီသဘောတူညီချက်ကို အကောင်အထည်ဖေါ်ဖို့ အလွန်အင်မတန် နှေးကွေးနေပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ သုံး၊ လေး လကစပြီး အတော်လေးကို နှေးသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့်ပါ။”

ကုလသမဂ္ဂအနေနဲ့ အဲဒီ ရွာပေါင်း ၁,၀၀၀ ကိုသွားရောက်ကြည့်ရှုဖို့ အဆင့်သင့်စောင့် ဆိုင်းနေကြောင်းနဲ့ အခု ချိန်ထိ ရွာပေါင်း ၁၀၀ ကိုပဲ အကဲဖြတ်ခွင့်ရခဲ့ကြောင်း Filippo Grandi ကဆိုပါတယ်။ ကုလသမဂ္ဂရဲ့ အကဲဖြတ် ချက်အရဆိုရင် အဲဒီရွာပေါင်း ၁၀၀ ရွာမှာလည်း အခြေခံအဆောက်အဦတွေနဲ့ လွတ်လပ်စွာသွားလာခွင့်တွေကို အထူး ကန့်သတ်ထားတာတွေ့ရတယ်လို့ သူက ပြောပါတယ်။ ဒီလို ကန့်သတ်မှုတွေရှိပေမဲ့ လည်း ကုလသမဂ္ဂ အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ Filippo Grandi ကပြော ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ သွားလာ ခွင့်ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အဓိက အရေးကြီးဆုံးအချက်တချက် ဖြစ်နေတယ်လို့လည်း သူက သတင်းစာ ရှင်းလင်းပွဲမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒုက္ခသည်ပေါင်း ၁ သန်းလောက် အတွက် အရေးတကြီးလိုအပ်ချက်တွေကို ဆက်လက်ပြီး ဝိုင်းဝန်းပံ့ပိုးကြဖို့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“ဒီနှစ်အတွက် ကုလသမဂ္ဂအနေနဲ့ မေတ္တာရပ်ခံချက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အကြပ် အတည်းတွေ ဖြေရှင်းကူညီရေး ရံပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တိုးမြှင့်ရှာဖွေမှာဖြစ်ပါတယ်။ ဒီရံပုံငွေဟာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အတွက်လည်း ပါဝင်မှာဖြစ်ပါတယ်။ လူဦးရေပေါင်း ၁.၂ သန်းအတွက် အကူအညီပေးနိုင်ဖို့ ရည်ရွယ်ထားပြီး အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခသည် ၉၀၀,၀၀၀ အပါ အဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀,၀၀၀ အတွက်လည်း ပါမှာဖြစ်ပါတယ်။”

မကြာခင် ကျရောက်တော့မယ့် မုတ်သုန်ရာသီကြောင့် မုန်တိုင်းအပါအဝင် ရေကြီး၊ မြေပြို မှုဒဏ် ခံရမယ့် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကြိုတင်ပြင် ဆင်နေတဲ့ နောက်ဆုံး အခြေအနေတွေ ကို ကြည့်ရှုလေ့လာဖို့နဲ့ ဒုက္ခသည် အကြပ် အတည်း ဖြေရှင်းရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကုလသမဂ္ဂ ခေါင်းဆောင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဗုဒ္ဓဟူးနေ့ကတည်းက ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

ကြာသာပတေးနေ့က မြို့တော် ဒါကာမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheik Hasina အပါအဝင် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ A.K Abdual Momen နဲ့ ကုလသမဂ္ဂထိပ် တန်းခေါင်းဆောင်တွေ တွေ့ဆုံရာမှာလည်း ရိုဟင်ဂျာဒုက္ခသည် သန်းနဲ့ချီလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ကိုနိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နောက်ထပ် ကူညီပံပိုးနိုင်မယ့် လမ်းကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Sheik Hasina ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိက္ခာရှိရှိ နေရပ်ပြန်နိုင် အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးစခန်းတွေကို ဝင် ရောက်တိုက်ခိုက်ခဲ့တဲ့ ASAR ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကို ပြန်လည်နှိမ်နင်းတဲ့ မြန်မာ စစ်တပ်ရဲ့ အင်အားသုံးနယ်မြေ ရှင်းလင်းရေး ကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေး ရေးမှူးတွေက လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း သတ်မှတ်ပြဌာန်းခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ဒီစွပ်စွဲချက်ကို လက်မခံဘဲ တန်ပြန်နှိမ်နင်းတဲ့ စစ်ဆင်ရေးသာဖြစ်သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG