သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ နာမည်ကျော် အနုပညာရှင်တွေ ထောင်ချခံရ


What happened to the wolf? ဇာတ်ဝင်ခန်းမှ သရုပ်ဆောင် အိန္ဒြာကျော်ဇင်
What happened to the wolf? ဇာတ်ဝင်ခန်းမှ သရုပ်ဆောင် အိန္ဒြာကျော်ဇင်

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ တေးသံရှင်ပိုပို၊ စောဖိုးခွားနဲ့ Influencer တယောက်ဖြစ်တဲ့ Beauty Blogger ဝင်းမင်းသန်းတို့ကို ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချလိုက်ပါတယ်။ အများပြည်သူ အထိတ်တလန့်ဖြစ်စေအောင်လုပ်မှု၊ မမှန်သတင်းဖြန့်မှု၊ အစိုးရဝန်ထမ်းတွေ ပြစ်ဒဏ်ကျူးလွန်အောင် စည်းရုံးမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ချလိုက်တဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒီနေ့ဒီဇင်ဘာ ၃၀ ရက်မှာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချလိုက်တာပါ။

ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ တေးသံရှင် ပိုပိုနဲ့ စောဖိုးခွား၊ Beauty Blogger ဝင်းမင်းသန်းတို့ကို ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်ချလိုက်တယ်လို့ အနုပညာရှင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက ပြောပါတယ်။

“ကိုရဲတိုက်၊ နောက် ကိုလူမင်း၊ နောက် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စောဖိုးခွား၊ ပိုပို၊ ဝင်းမင်းသန်း အားလုံးက ၅၀၅-က အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချပါတယ်။ မဝင်းမင်းသန်းကတော့ မတရားအသင်းဥပဒေ ၁၇ (၁) ပါတော့ အဲ့ဒါအတွက်တော့ ဒဏ်ငွေ ကျပ်တသောင်း ရိုက်တယ်လို့ သိရပါတယ်။”

၅၀၅-က ကတော့ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ပြင်ဆင်ခဲ့တဲ့ ရာဇသတ်ကြီးဥပဒေဖြစ်ပါတယ်။ အများပြည်သူ အထိတ်တလန့်ဖြစ်စေအောင်လုပ်မှု၊ မမှန်သတင်းဖြန့်မှု၊ အစိုးရဝန်ထမ်းတွေ ပြစ်ဒဏ်ကျူးလွန်အောင်စည်းရုံးမှု စတာတွေလုပ်ရင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်မှုမြောက်တယ်လို့ ပြောထားပါတယ်။

ဒီနေ့ ထောင်ချခံရတဲ့ အနုပညာရှင်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ကြသလို အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေကိုလည်း လူသိရှင်ကြား ထောက်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ သရုပ်ဆောင် လူမင်းက မတ်လမှာ ဖမ်းဆီးခံရပြီး သရုပ်ဆောင် ရဲတိုက်၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က ဧပြီလမှာ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက် အယူခံဝင်ဖို့ကိုတော့ မိသားစုနဲ့တိုင်ပင်ပြီးမှ လုပ်သွားမယ်လို့ ရှေ့နေကပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို ပုဒ်မ ၅၀၅-က အပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) နဲ့လည်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပါတယ်။

အခုလို နိုင်ငံကျော် အနုပညာရှင်တွေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုပြီး ဒီပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်မှုအပေါ် အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ခုလို သုံးသပ်ပါတယ်။

“ပြောရရင်တော့ ဒီပုဒ်မ ၅၀၅-က အတွက် ပြဌာန်းထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်ပါပဲ။ အမြင့်ဆုံးပြစ်ဒဏ်ပဲဆိုတော့ အမှန်က ဥပဒေကတော့ ဒီလိုမျိုး အားလုံးကို တပြေးညီ အမြင့်ဆုံးပြစ်ဒဏ်ချတာထက်စာရင် သူ့ရဲ့ အမှုတခုချင်းစီအလိုက် တရားခွင်မှာ စစ်ဆေးပေါ်ပေါက်တဲ့အတိုင်းပဲ ချမှတ်မယ် ဆိုရင်တော့ ပိုပြီး သင့်မြတ်မှာပေါ့လေ။ အခုက ဒါ အားလုံးနီးပါးကတော့ အဓိကအားဖြင့် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်လို့ ပူးပေါင်းလို့ ဒီသဘောနဲ့ ချတာဆိုတော့ ပြောရမယ်ဆို ဒီပြစ်ဒဏ်ကတော့ နည်းနည်းများနေတဲ့သဘော ရှိတာပေါ့နော်။ ပြစ်မှုနဲ့စာရင် ပြစ်ဒဏ်က ပိုများနေတာပေါ့။ တချို့ အခြားတရားရုံးတွေ မန္တလေးတို့ ဘာတို့မှာဆိုလည်း ၁ နှစ်တို့၂ နှစ်တို့ ချတယ်။ အဲ့လောက်ဆိုရင်တော့ သင့်သင့်မြတ်မြတ်ဖြစ်နိုင်တာပေါ့။ အခုကတော့ ကြမ်းခင်းဈေးသဘောမျိုးပဲ အမြင့်ဆုံး ပြစ်ဒဏ်ချလိုက်တယ်ဆိုတော့ ပြစ်ဒဏ်ချမှတ်ပုံက နည်းနည်းတော့ များတယ်လို့ အဲ့လိုတော့ မြင်တာပေါ့။”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြပွဲတွေမှာ အနုပညာရှင် အများအပြား လူသိရှင်ကြား ပါဝင်ခဲ့ကြပြီး တချို့က ခုလို ဖမ်းဆီးထောင်ချခံရပြီးတော့ တချို့ က ခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေသလို တချို့ကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဆက်ပြီး ပါဝင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]













===============

XS
SM
MD
LG