သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြေလည်မှု မရသေး


၃ရက်ကြာ ကျင်းပခဲ့တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD တို့ရဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA အချောသတ် ညှိနှိုင်းဆွေးနွေးပွဲ။ (သတင်းဓာတ်ပုံ- Myanmar Peace Center)
၃ရက်ကြာ ကျင်းပခဲ့တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD တို့ရဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA အချောသတ် ညှိနှိုင်းဆွေးနွေးပွဲ။ (သတင်းဓာတ်ပုံ- Myanmar Peace Center)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ၈ကြိမ်မြောက်ဆွေးနွေးပွဲဟာ ဒီကနေ့ပြီးဆုံးသွားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို အချောသတ် ညှိနှိုင်းနိုင်တာ မရှိသလို ဆွေးနွေးဖို့ တင်ပြထားတဲ့ အခြား အချက် ၃ချက်ကိုလည်း ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ပါဘူး။ ဆွေးနွေးပွဲ အပြီး မှာတော့ နောက်တကြိမ် အစည်းအဝေးကို သြဂုတ် လဆန်းမှာ ထပ်မံ ကျင်းပ ဖို့နှစ်ဖက် သဘောတူခဲ့ပြီး ဒီအစည်းအဝေးမှာ NCA ကို အချောသတ်နိုင် မယ်လို့ မျှော်လင့်ထားကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

၃ရက်ကြာကျင်းပခဲ့တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD တို့ရဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA အချောသတ် ညှိနှိုင်းဆွေးနွေးပွဲဟာ ဒီကနေ့ နေ့ခင်း ၁၂နာရီခွဲလောက်မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်ခေါင်းဆောင်များ။
နှစ်ဖက်ခေါင်းဆောင်များ။

ဒီကနေ့ အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ SD အဖွဲ့ ဒုအဖွဲ့ခေါင်းဆောင် ၂ဖြစ်တဲ့ ပူးဇင်ကျုံးက အဓိက ညှိနှိုင်းဖို့ ကျန်ရှိတဲ့ အချက်ကတော့ NCA လက်မှတ်ရေး ထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးဆိုတဲ့အချက်ဖြစ်ပြီး ဒီအချက်ကို နှစ်ဖက် အဖွဲ့အစည်းတွေက အထက်အဖွဲ့အစည်းတွေကို တင်ပြဖို့ ရှိနေတယ် လို့ ပြောပါတယ်။

"ဒီကနေ့ ၈ကြိမ်မြောက် ဆွေးနွေးပွဲမှာလည်းပဲ ကျနော်တို့ NCCT အဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး အတူတကွ လက်မှတ်ရေးထိုးဖို့ရာ အတွက် ဆွေးနွေး တာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ကျနော်တို့ ဒီ NCCT အဖွဲ့ဝင် အဖွဲ့အစည်းထဲက ခြောက်ဖွဲ့ကို ဒီလက်မှတ်ရေးထိုးတဲ့နေရာမှာ မပါဝင်နိုင်သေး ဘူး။ နောက် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်အောင် အားလုံး ပါဝင် လာနိုင်ရေးကို ကျနော်တို့ စဉ်းစားပေးမယ်လို့တော့ ကျနော်တို့ ဆွေးနွေးတာ ရှိပါတယ်။ ဒီတော့ ဒီကိစ္စကိုတော့ ကျနော်တို့ မပြီးပြတ်သေးဘူး။ UPWC အနေနဲ့ ကျနော်တို့ သမ္မတကြီးဆီမှာသော်လည်းကောင်း UPWC မှာသော်လည်းကောင်း တင်ပြဖို့ရှိမှာဖြစ်သလို ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက် ကလည်း ခေါင်းဆောင်တွေရှိတဲ့ နေရာမှာ ဒါတွေကို ပြန်လည်ပြီး ဆွေးနွေး မှာဖြစ်ပါတယ်။"

NCA လက်မှတ်ရေးထိုးဖို့ မပါဝင်နိုင်သေးတဲ့အဖွဲ့တွေကတော့ 'ဝ' အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ကိုးကန့် အဖွဲ့ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ MNDAAနဲ့ ရက္ခိုင်တပ်မတော် (AA) တို့ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဒီအဖွဲ့အစည်းတွေ ကို အစိုးရဖက်က ချန်လှပ်ထားခဲ့တယ်လို့ မယူဆကြောင်း ပြော ပါတယ်။

"လက်မှတ်ထိုးတဲ့အဆင့်ရောက်ရင် နှစ်ဘက်ထိုးပြီးတာနဲ့ လိုက်နာရမှာ။ လိုက်နာဖို့၊ ချက်ခြင်း လိုက်နာဖို့ ဖြစ်နိုင်တဲ့ အဖွဲ့အနေနဲ့ ညွှန်းတဲ့သဘောပါ။ ကျန်တဲ့ အဖွဲ့တွေကိုလည်း ချန်မထားဘူး။ ဒီနေ့ ဆွေးနွေးပွဲမှာလည်း နည်းလမ်းရှာမယ်။ ဘယ်လို ဆက်သွားမလဲဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေဘက်က အာမခံနိုင်တဲ့ တောင်းတာရှိတယ်။ အစိုးရဘက်ကလည်း ဒါကိုပြန်ပြီးတော့ နောင် ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ရှိတဲ့ အတွက် ချန်ထားတဲ့ သဘောလို့တော့ ကျနော်တို့ဘက်က မပြောနိုင်ဘူး။ အဲ့တော့ ဆက်ပြီးတော့ ဒီ Process က ဆက်ပြီးတော့ သွားမယ်။ ဒါပေမဲ့ NCA လက်မှတ်ထိုးတာနဲ့ ချက်ခြင်း သက်ရောက်မှာကတော့ ခုနကတုန်းက ထိုးတဲ့ အဖွဲ့တွေက စောင့်ထိန်း လိုက်နာရမယ့် ဖြစ်နိုင်ခြေရှိတာကိုပြောတဲ့သဘောပါ။"

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖက်ကတော့ အားလုံးပါဝင်မှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဟာ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးဖြစ်နိုင်မယ်လို့ ခံယူထားကြောင်း ပူးဇင်ကျုံးက ထပ်မံ ရှင်းလင်းခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲ
သတင်းစာရှင်းလင်းပွဲ

ဒီဆွေးနွေးပွဲမှာ လောခီးလာညီလာခံက တင်ပြတဲ့ NCA ပြင်ဆင်ချက် ၁၃ချက်အနက်က ၁၀ချက်ကို ဆွေးနွေးနိုင်ခဲ့ပြီး ကျန် ၃ချက် ကိုတော့ နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့တွေက အထက်ခေါင်းဆောင်တွေကို တင်ပြပြီး ထပ်မံ ဆွေးနွေးရမှာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေက တင်ပြတဲ့ NCA စာချုပ် လက်မှတ်ရေးထိုး ရာမှာ ပါဝင်မယ့် လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အသိသက်သေတွေ ဆိုတဲ့ အချက်တွေကိုလည်း နောက်ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ ဒုဥက္ကဋ္ဌ တဦးဖြစ်တဲ့ ဦးသိန်းဇော်က သြဂုတ်လဆန်းမှာကျင်းပမယ့် ဆွးနွေးပွဲမှာ အခက်အခဲ မရှိနိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။

"သုံးချက်ကလည်း မူအားဖြင့် သဘောတူညီမှုရပြီးပြီ။ အထိုက်အလျောက်လေး ညှိဖို့ပဲ ကျန်မယ်ဆိုတော့ စာချုပ် မူချောအတွက်ကို စိုးရိမ်ဖွယ်ရာ အကြောင်း မရှိပါဘူး။ ကျန်တာလည်း ဘာမှ မရှိပါဘူး။ ကျန်တာကလည်း ဘယ်သူတွေ လက်မှတ်ထိုးမလဲ။ ဘယ်သူတွေ ပါမလဲ။ အဲ့ ဒီလောက်ပဲ လူကြီးတွေရဲ့ မူဝါဒခံယူပြီး ကျနော်တို့ ဆွေးနွေးသွားလိုက်ရုံပါပဲ။ ဒါ နှစ်ဘက် ဘာအခက်အခဲမှ မရှိပါဘူး။ အတတ်နိုင်ဆုံးတော့ ကျနော်တို့က ပြည့်ပြည့်စုံစုံ ပြည့်ပြည့်ဝဝနဲ့ အားလုံး ညီညီညွတ်ညွတ် မျှမျှတတ ဖြစ်ဖို့ ကြိုးစားနေတာပဲလေနော်။ "

လတ်တလော အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီရဲ့ SSPP SSA မြောက်ပိုင်းက အထွေထွေ အတွင်းရေးမှုး စပ်ခွန်ဆိုင်းကတော့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အခုလို ပြောဆိုပါတယ်။

" ပိတ်ဆို့နေတုန်းပဲလို့ မပြောနိုင်သေးဘူး။ အားလုံး နည်းနာရှာကြမှာပေါ့။ တစ်ဆို့နေတဲ့ဟာ မဖြစ်အောင် အားလုံး နည်းနာရှာပြီးတော့မှ ဒါကို ကျော်လွှားနိုင်ဖို့ ကြိုုးစားကြမှာပေါ့။ အဲ့ဒီ့သဘောရှိပါတယ်။ နှစ်ဘက်စလုံးက။"

လာမယ့် သြဂုတ်လဆန်းပိုင်းမှာ ပြန်လည်ကျင်းပမယ့် ဆွေးနွေးပွဲမှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို အချောသတ် နိုင်မယ် ဆိုရင်တော့ ရွေးကောက်ပွဲမတိုင်ခင်မှာ စာချုပ်ကို အတည်ပြု လက်မှတ်ရေး ထိုးနိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးဖို့ကို အစိုးရအဖွဲ့က လိုလားနေသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဖက်ကလည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG