သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ အစိုးရဖွဲ့နိုင်မယ့် မဲအရေအတွက် ရရှိ


NLD ထောက်ခံသူများ။
NLD ထောက်ခံသူများ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နောက်ဆုံး ထုတ်ပြန်ကြေညာခဲ့တဲ့ မဲရလဒ်တွေအရ အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရဖွဲ့နိုင်မယ့်အထိ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ အစိုးရသစ်ကို ဦးဆောင်မယ့် NLD ပါတီအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ သြဇာ လွှမ်းမိုးနေတဲ့ စစ်တပ်နဲ့ ဆက်ဆံရမယ့် ကိစ္စအပါအဝင် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဘာတွေများ ရှိနေပါသလဲ ဆိုတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နောက်ဆုံးမဲရလဒ်
နောက်ဆုံးမဲရလဒ်

ဒီကနေ့ မွန်းလွဲပိုင်းအထိ ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာရာမှာတော့ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၃၈ နေရာ၊ အမျိုးသား လွှတ်တော် မှာ နေရာ ၁၁၀ နဲ့ တိုင်းဒေသကြီး လွှတ်တော်နေရာတွေမှာ ၄၀၁ နေရာ အထိ ရရှိထားတဲ့ အတွက် အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ဒေါ်မြင့်ကြည် ကတော့ နောက်ထပ် ထုတ်ပြန် ကြေညာ ရမယ့် နေရာတချို့ ကျန်နေသေးပေမဲ့ မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော် အတည်ပြုပြီး ဖြစ်တဲ့ အကြောင်း နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

" ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားလွှတ်တော်တွေမှာ စုစုပေါင်း ကျမတို့ နောက်ထပ် ၁၈၀ ဦးပဲ ကျန်ပါတော့တယ်။ အခု ၈၂.၉၂ ရာခိုင်နှုန်း မဲရလဒ်ကတော့ ကြေညာပြီးဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။"

ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေ အရ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အတွက် တိုင်းပြည်မှာ လက်တွေ့ အပြောင်းအလဲတွေ ဖြစ်လာဖို့လည်း လူထုကြားမှာ မျှော်လင့်နေကြပါတယ်။

"အရမ်းကျေနပ်ပြီးတော့ အရမ်းပျော်ပါတယ် အန်တီ။ အရမ်းကိုလည်း ပီတိဖြစ်တယ်။ အန်တီတို့ မျှော်လင့်နေတာလည်း ကြာပြီပေါ့နော်။ ဘယ်လိုခေါ်မလဲ အကြောက်အရွံ့ကင်းကင်း စည်းကမ်းဘောင်နဲ့ လွတ်လွတ်လပ်လပ် နေချင်နေတာ ကြာပြီ စိုးရိမ်စိတ်မရှိပဲ ဟုတ်လား။"

" ကျနော်တို့က တိုင်းပြည်က အများကြီး နောက်ကျခဲ့တယ်လေ။ အဲ့တော့ ဒီအောင်မြင့်မှုက တဆင့် တကယ့် ဘယ်လိုခေါ်မလဲ အနည်းဆုံးတော့ ဒီအရှေ့တောင်အာရှမှာ တကယ့်ထိပ်တန်းရောက်လာတဲ့ နိုင်ငံတနိုင်ငံ မကြာခင် ဖြစ်လာလိမ့်မယ်လို့ပဲ ယူဆတာပေါ့နော်။ ကြိုးလည်း ကြိုးစားရမှာပဲ။"

ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့ ကတော့ ဒီမိုကရေစီကို ဦးတည်တဲ့ အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေးထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်မယ့် အခွင့်အလမ်းတခုပါ။

မြန်မာ့အရေး ကျွမ်းကျင်သူ Richard Horsey ကတော့ လွှတ်တော်တွင်းမှာ အများစုဖြစ်လာမယ့် NLD အနေနဲ့ လုပ်ပိုင်ခွင့် အများအပြား ရ လာတော့မှာ ဖြစ်တယ်လို့ AFP သတင်းဌာန နဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

“NLD လွှမ်းမိုးထားတဲ့ လွှတ်တော် ဖြစ်လာမယ့်အတွက်၊ လိုချင်တဲ့ ဥပဒေတွေကိုလည်း အတည်ပြုနိုင်တော့မှာပါ။ ညွန့်ပေါင်း အစိုးရလည်း ဖွဲ့စရာ မလိုပါဘူး။ ဒီလိုဥပဒေတွေ ချမှတ်ရာမှာ တဖက်နဲ့ ဆက်ဆံစရာ လိုမှာမဟုတ်ပေမဲ့ အသွင်ကူးပြောင်းရေး ရှေ့ဆက်နိုင်ဖို့ အတွက်ကတော့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး ကာလမှာ အားလုံးပါနေဖို့ လိုပါတယ်။”

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းထားပြီး၊ အားလုံးကလည်း အဆိုပြုချက်ကို လက်ခံ ထားကြတာပါ။

အစိုးရသစ်ကို ဦးဆောင်နိုင်တော့မယ် NLD ပါတီရဲ့ ခေါင်းဆောင် တဦးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ ပြေပြေလည်လည် ဆက်ဆံနိုင်ဖို့က အရေးကြီးလိမ့်မယ်လို့လည်း အကဲခတ်တွေက ယူဆထားကြပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ Richard Horsey ကတော့ စစ်တပ်အတွက်တော့ အခုနောက်ဆုံး ရွေးကောက်ပွဲ ရလဒ်ဟာ စိန်ခေါ်မှု တခု ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

“အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်ရောက်လာတဲ့ အချိန်မှာ အခြေခံဥပဒေက အထူးအခွင့်အာဏာ အပ်နှင်းထားတဲ့ စစ်တပ်အနေနဲ့ သြဇာ အရှိန်အဝါကောင်းကောင်းနဲ့ လေးစားခံရတဲ့ အခြေအနေမျိုး ဆက်ထိန်း ထားနိုင်အောင် ဘယ်လိုပုံစံပြောင်းမလဲ ဆိုတာက စစ်တပ်အတွက် စိန်ခေါ်မှုလို့ ကျနော်ကတော့ ယူဆပါတယ်။”

ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတတို့ကတော့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစား လိုက်နာမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေးဖြစ်အောင် လုပ်မယ်လို့လည်း ကတိပြုထားကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ လက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူခွင့် မရှိပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ကတော့ သမ္မတတာဝန် မယူနိုင်ပေမဲ့ သမ္မတ အထက်ကနေ တာဝန်ယူသွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG