သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် နောက်ဆုံး ရက် နှုတ်ဆက် မိန့်ခွန်း


ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရဲ့ နှုတ်ဆက်စကားဟာ ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကြားမှာ ပျော်ရွှင် ရယ်မောစေခဲ့ရသလို ရုပ်သံနဲ့ Facebook ကတဆင့် လူထုအကြား အလျင်အမြန် ပျံနှံ့သွားခဲ့ပါတယ်။ ဒီလို ပျံ့နှံ့သွားစေတာကတော့ ဦးခင်အောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပတ်သက်လို့ အရွှန်းဖောက် ပြောဆို နှုတ်ဆက်လိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းရဲ့ ပြည်ထောင်စု လွှတ်တော် နောက်ဆုံး ကျင်းပတဲ့ အစည်းအဝေးဖြစ်ပြီး ဒီအစည်းအဝေး မှာ ပြည်ထောင်စု လွှတ်တော် နာယက၊ ဒု နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ သက်ဆိုင်ရာ ပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးခဲ့သလို အသီးသီးက နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။

ဒီလို အကြံပြုဆွေးနွေးတာ၊ နှုတ်ဆက် စကားပြောကြားတာမှာတော့ လွှတ်တော် အတွင်းမှာရော လွှတ်တော်ပြင်ပမှာပါ လူအများကို နှစ်သက် ရွှင်မြူးစေခဲ့သူကတော့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပဲဖြစ်ပါတယ်။

ဦးခင်အောင်မြင့်က ၁၅မိနစ်ကြာ ဆွေးနွေးပြောဆိုရာမှာ ပထမပိုင်း ၅မိနစ်လောက် မှာတော့ ၅နှစ်တာဖြတ်သန်းခဲ့တဲ့ လွှတ်တော်တွင်း အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ အခုလို အကြံပြုခဲ့ပါတယ်။

"အားနည်းချက် အနေနဲ့ကတော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်မှာ စိုးတဲ့အတွက် သက်သက်သာသာပဲ ပြောပါမယ်။ နောက်လူတွေ ဝေဖန်ပါလိမ့်မယ်။ သို့သော် ဒီမိုကရေစီစနစ်မှာ အများသဘောတူတိုင်း မှန်တယ်လို့ တထစ်ချ ယူလို့မရဘူး ဆိုတဲ့ အတွေ့အကြုံတွေတော့ ရှိခဲ့ကြပါတယ်။ ကျျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ မှားမိရင်လည်း အများရှေ့မှာ မှားကြောင်း ဝန်ခံပြီး မမှားအောင် ချက်ခြင်းပြင်နိုင်တဲ့ သတ္တိ ၊ မတတ်သေးရင်လည်း မတတ်သေးကြောင်း ဝန်ခံပြီး တတ်အောင် ကြိုးပမ်းအားထုတ်တဲ့ ဇွဲလုံ့လ ဝီရိယရှိခဲ့ကြတာ အမှန်ပဲ ဖြစ်ပါတယ်။

အားသာချက်အနေနဲ့ ပထမဆုံးအချက်ကတော့ လွှတ်တော် စစချင်း ကျနော်တို့ တိုက်တွန်းခဲ့ သလိုပဲ လွှတ်တော်ထဲ ရောက်လာတဲ့အခါမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ မထားပဲနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုး အတွက် ရှေးရှု့ဆောင်ရွက်ကြမယ် ဆိုတဲ့အခါမှာ အထူး စည်းလုံး ညီညွတ်သွားတာကို တွေ့ရပါတယ်။ "

လွှတ်တော်တွင်းမှာ ရေးရာကော်မတီ အသီးသီးဟာ တက်တက်ကြွကြွဆောင်ရွက်ခဲ့ သလို ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေနဲ့ ဥပဒေပေါင်း ၂၂၉ခု ပြုစုခဲ့ပြီး အမျိုးသား စီမံကိန်းဥပဒေ၊ နိုင်ငံတော်အစိုးရရဲ့ ဘဏ္ဍာငွေရ သုံး ခန့်မှန်းခြေဥပဒေ၊ အခွန်အကောက်ဆိုင်ရာ ဥပဒေတွေကိုလည်း သုံးသပ်အစီရင်ခံ တင်ပြနိုင် ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

သူရဲ့အကြံပြုဆွေးနွေးချက် အပြီးနောက်ပိုင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ်တချို့ အပေါ် မှာ အခုလို အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

"နှုတ်ဆက်စကားဆိုရင် အမှတ်တရလေးတွေ ပြောဖို့လိုမယ် ထင်ပါတယ်။ ဒီထဲမှာ တွေ့မိတာလေးတွေ တဦးချင်းလည်း နည်းနည်းပါးပါးတော့ တို့ ထားတာလေးတွေ ရှိတာပေါ့။ အမျိုးသားလွှတ်တော်က ဒေါက်တာမြတ်ဉာဏစိုး၊ လွှတ်တော်စတဲ့အချိန်မှာ ငယ်ငယ်ချောချောနဲ့ ။ ဒီနေ့ စင်ပေါ်တက်ဖို့ ကျနော်ရှေ့မှာ ဖြတ်ဖြတ် သွားတဲ့အခါမှာ လက်ပြင်လေးကို ကုန်းလို့ အဖိုးအိုပေါက်စလေးဖြစ်။ အမျိုးသားလွှတ်တော်က စကားပြော အမြန်ဆုံးဆု ပေးသင့်တာကတော့ ဦးဖုန်းမြင့်အောင်ပါပဲ။ မိနစ် ၂၀ပေးလိုက်တာ အစအဆုံး သူဆွေးနွေးသွားတာ ဘာမှ နားမလည်လိုက်ဘူး။ ပြန်ပြန်မေး ရတယ်။ နောက်တယောက်ကတော့ ညစာစားပွဲတိုင်း နဂါးနီ သီချင်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဆိုခဲ့ပြီးကာမှ ရွေးကောက်ပွဲ ကာလကျမှ အစိမ်းရောင် လွှမ်းစေရမယ်ဆိုပြီးတော့မှ စကားကျွံသွားလို့ ဝိုင်းပြီး ပလေးခံရတဲ့ ဦးမြငြိမ်းဖြစ်ပါတယ်။ "

အမျိးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့လည်း အခုလို ဆက်ပြောပါတယ်။

"ဒေါ်ခင်စန်းလှိုင်ပေ့ါ။ ပြည်ထောင်စုနေ့ ညစာစားပွဲတခုမှာ သူက သပ်သပ် ယပ်ယပ် သေသေချာချာ ပြင်လာတဲ့အခါကျတော့ ဘယ်သူများပါလိမ့်လို့ ဒီလိုပြောတဲ့ အခါ မနက်ဖြန် လက်ဘက်ရည်တိုက်မယ်လို့ ပြောထားတယ် ကျနော့်ကို ။ အဲ့ဒီ့နေ့ကစပြီး ဒီနေ့အထိ ရှောင်နေတာ အခုအချိန်အထိ ဘာ လက်ဘက်ရည်မှ လည်း မသောက်ရဘူး။ ထို့အတူပဲ ဒေါ်စန္ဒာမင်း ပြည်ထောင်စုနေ့ ညစာစားပွဲမှာ နာဂဝတ်စုံ ဝတ်လာတော့ ဒီလိုလေးလည်း လှတာပဲလို့ ကျနော်ပြောလိုက်ပါတယ်။ သို့သော် ဒီနေ့အထိ ကိတ်မုန့်တချပ်မှ မရပါဘူး။

နှစ်သစ်ကူးတိုင်း နှစ်သစ်ကူးတိုင်း ကိတ်မုန့်ပို့ပေး တာကတော့ ဒေါ်အောင်ဆန်း စုကြည် ဖြစ်ပါတယ်။ ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ အားလုံးထဲမှာ အလှဆုံးလို့လည်း ပြောရမှာဖြစ်ပါတယ်။ "

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပေါ်မှာလည်း အခုလို ပြောဆိုပြီး အားလုံးကို နှုတ်ခွန်းဆက်ခဲ့ ပါတယ်။

"လွှတ်တော်ကြီးတခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်အောင် ၊ ပျားပမ်းခတ်နေအောင် ၊ ဘယ်သူမှ မနားရအောင် စီမံဖန်တီးသွားတာကတော့ နာယကကြီးပါပဲ။ ဒါကြောင့်မို့လို့လည်း လွှတ်တော်ကြီးက ကျနော်တို့ အဆင့်အတန်းမှီပြီးတော့ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ခဲ့ကြတာဖြစ်တဲ့အကြောင်း ဂုဏ်ပြုပြောကြားရင်းနဲ့ လွမ်းနေမယ်နော်လို့ နုတ်ဆက်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။"

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကလည်း နောက်ဆုံး နှုတ်ဆက် စကားပြောကြားရာမှာ မိမိ မဲရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် ရွေးကောက်ပွဲ မှာ ပြည်သူတွေ အနိုင်ရတယ်လို့ ပြည်သူ တစ်ယောက်အနေနဲ့ မိမိလည်းနိုင်တယ် လို့ ပြောဆိုခဲ့ပြီးနောက်မှာတော့ ပထမအကြိမ် လွှတ်တော်သက်တမ်း ရဲ့ ပြည်ထောင်စု လွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါတယ်။

XS
SM
MD
LG