သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းစစ်ရေးလေ့ကျင့်မှု ဖင်လန်နိုင်ငံပြုလုပ်


ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှင့်ထူထားတဲ့ နေတိုးနဲ့ ဖင်လန်နိုင်ငံတော်အလံများ၊ ဧပြီ ၄၊ ၂၀၂၃။
ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှင့်ထူထားတဲ့ နေတိုးနဲ့ ဖင်လန်နိုင်ငံတော်အလံများ၊ ဧပြီ ၄၊ ၂၀၂၃။

မြောက်အတ္တလန်တိတ် သဘောတူစာချုပ်စစ်ရေး မဟာမိတ် (NATO) အဖွဲ့ရဲ့ အဖွဲ့ဝင်အသစ် ဖင်လန်နိုင်ငံဟာ တနင်္လာနေ့မှာ လေကြောင်း စစ်ရေးလေ့ကျင့်မှုတခုကို စတင်လိုက်ပါတယ်။ ဖင်လန်လေတပ်က နော်ဝေ၊ ဆွီဒင်နိုင်ငံတွေနဲ့အတူ အိမ်ရှင်အနေနဲ့ ပြုလုပ်တဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံပါဝင်ပြီး လေယာဥ် အစီး ၁၅၀ ပါဝင်ပါတယ်။ နိုင်ငံတွေထဲမှာ ၁၂ နိုင်ငံက နေတိုးအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ပြီး ဆွီဒင်မြောက်ပိုင်းဒေသတွေမှာ နှစ်ပတ်နီးပါးကြာ စစ်ရေးလေ့ကျင့်မှာပါ။

လေကြောင်းရန်ကာကွယ်ရေးနဲ့ ဝေဟင်ကနေမြေပြင်ကို တိုက်ခိုက်ခြင်းလို စစ်ဆင်ရေးတွေကို သရုပ်ဖော် အစမ်းလေကျင့်ကြမယ်လို့ ဖင်လန်လေတပ်က ဗိုလ်မှုးကြီး ဟင်းနရစ် အယ်လို (Henrik Elo ) က AFP သတင်းဌာနကို ပြောပါတယ်။ ပိုလန်နိုင်ငံ အကျယ်အဝန်း လောက်ရှိတဲ့ဧရိယာကို စောင့်ကြည့်နိုင်တဲ့ နေတိုးရဲ့ လေကြောင်းသတိပေးရေးနဲ့ ထိန်းချုပ်ရေးစနစ် (AWACS) လေယာဉ်လည်း ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ပါမယ်။

Arctic Challenge Exercise လို့ ‌ခေါ်တဲ့ ဒီ စစ်ရေး လေ့ကျင့်မှုကို ၂၀၁၃ ခုနှစ်ကတည်းက စပြီး ဥရောပမြောက်ပိုင်းဒေသ ‌နောဒစ် နိုင်ငံတွေက တနှစ် နှစ်ကြိမ် လုပ်လေ့ရှိပေမယ့် ဒီတကြိမ်က အကြီးဆုံးပဲလို့ ဆိုပါတယ်။ ဒီနှစ်မှာ အိမ်ရှင် ဖင်လန်၊ ဆွီဒင်၊ နော်ဝေး အပြင် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ အီတလီ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ချက်နဲ့ အမေရိကန် နိုင်ငံတွေ ပါဝင်ပါတယ်။

ရုရှားနဲ့ မိုင် ၈၀၀ နယ်နိမိတ် ထိစပ်နေတဲ့ ဖင်လန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက အတ္တလန္တိတ်ဖြတ်ကျော်မိတ်ဖက်အဖွဲ့ဖြစ်တဲ့ နေတိုးနဲ့ မဟာမိတ်ဖြစ်ခဲ့ပေမယ့် ဆယ်စုနှစ်များစွာကြာအောင် စစ်ရေးအရ ဘက်မလိုက်တဲ့ မူဝါဒကို စွဲကိုင်ခဲ့တာပါ။ ဒါပေမယ့် ရုရှားရဲ့ ယူကရိန်းကျုးကျော် စစ် နောက်ပိုင်းမှာတော့ နေတိုးအဖွဲ့ထဲကိုဝင်ရောက်ခွင့် တောင်းခဲ့ပြီး ဧပြီလထဲမှာမှ နေတိုးရဲ့ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာလည်း ဒီသီတင်းပတ်ထဲမှာပဲ ဖင်လန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG