သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်ကို ဖင်လန်ရောက်မြန်မာတွေဆန္ဒပြ


သမ္မတဦးသိန်းစိန်ကို ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြနေကြစဉ်။ (မတ်လ ၂ ရက်၊ ၂၀၁၃)။ ဓာတ်ပုံ - သန့်ဇင်ထွန်း။
သမ္မတဦးသိန်းစိန်ကို ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြနေကြစဉ်။ (မတ်လ ၂ ရက်၊ ၂၀၁၃)။ ဓာတ်ပုံ - သန့်ဇင်ထွန်း။
ဥရောပခရီးစဉ်အတွင်း ဖင်လန်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ကို ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဦးသိန်းစိန်ဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်လာတဲ့ သမ္မတဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုယ်စားပြု သမ္မတအဖြစ် အသိအမှတ်မပြုလို့ သမ္မတရဲ့ ဖင်လန်နိုင်ငံ ခရီးစဉ်ကို မကြိုဆိုကြောင်း ဖင်လန်စံတော်ချိန် စနေမနက်ပိုင်းမှာ ဖင်လန်ပြည်သူ့လွှတ်တော်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဥရောပ ၅ နိုင်ငံခရီးစဉ်အတွင်း ဒုတိယမြောက်နိုင်ငံ ဖြစ်တဲ့ ဖင်လန်နိုင်ငံ ကို သောကြာနေ့က ရောက်ရှိလာခဲ့ပါတယ်။ သောကြာနေ့မှာတော့ ဖင်လန်သမ္မတနဲ့တွေ့ဆုံ ခဲ့ပြီးတဲ့နောက် မြန်မာသမ္မတရဲ့ ဖင်လန်ခရီးစဉ် ဒုတိယမြောက် စနေနေ့မှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဖင်လန်ရောက်မြန်မာနိုင်ငံသားတွေ က မြန်မာနိုင်ငံကိုယ်စားပြု သမ္မတအဖြစ်နဲ့ အသိအမှတ်မပြုကြောင်း၊ သမ္မတရဲ့ဖင်လန်နိုင်ငံ ခရီးစဉ်ကို မကြိုဆိုကြောင်း ပြည်သူ့ လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံရဲ့ လက်ရှိသမ္မတဦးသိန်းစိန်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်တင်မြှောက်ခံထားရတဲ့ သမ္မတဖြစ်တဲ့အတွက် သူ ဖင်လန်ကို ရောက်လာတဲ့အပေါ် သမ္မတတစ်ယောက်အနေနဲ့ မကြိုဆိုဘူးဆိုပြီး ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုသန့်စင်ထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကျနော်တို့ ဖင်လန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက မကြိုဆိုဘူးဆိုတာကို ရေးထားတယ်။ မကြိုဆိုရတဲ့အကြောင်းက ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဖင်လန်နိုင်ငံရောက်ရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံစတင်ပြီးတော့ ရေးဆွဲတဲ့အချိန်ရော၊ နောက် ဒီဖွဲ့စည်းပုံကို အတည်ပြုတဲ့အချိန်ထိရော လုံး၀ လက်မခံနိုင်ဘူးဆိုတဲ့ဟာကို ကျနော်တို့ ဆန္ဒပြပွဲတွေလည်း မြောက်များစွာ လုပ်ပြီးပြီ။ ကျနော်တို့ရဲ့ သဘောထားကို အတိအလင်း ထုတ်ပြန်ထားပြီးပြီ ဖြစ်တယ်။ အခုလက်ရှိ သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ကနေပြီးတော့ သမ္မတဖြစ်လာတဲ့သူဖြစ်တယ်။ ဆိုတော့ ကျနော်တို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက် ၂၀၀၈ ခုနှစ်ကနေပြီးတော့ ပေါ်ပေါက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့ရဲ့ အစိုးရကို ကျနော်တို့အနေနဲ့ အသိအမှတ် ပြုနိုင်မှုမရှိဘူးဆိုတာကို ကျနော်တို့ ထုတ်ပြန်ကြေညာတာပေါ့။ တကယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများလက်ခံနိုင်မယ့် ပုံစံမျိုးဖြစ်အောင် ပြင်ဆင်မယ်ဆိုရင်တော့ ဖင်လန်နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းက လက်ရှိအစိုးရကို အသိအမှတ်ပြုနိုင်မှာ ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။”

သောကြာနေ့က ဖင်လန်သမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဖင်လန်က ရှေ့ ၂ နှစ် အတွင်းမှာ မြန်မာနိုင်ငံအတွက် ယူရိုငွေ ၆ သန်းခွဲနီးပါး ထောက်ပံ့ကူညီမယ်လို့ ဖင်လန် သမ္မတက ပြောကြားခဲ့ပါတယ်။ ဖင်လန်နိုင်ငံကနေ မြန်မာနိုင်ငံကို အကူအညီပေးဖို့ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေဟာ အမှန်တကယ် လိုအပ်နေတဲ့ အခြေခံမြန်မာပြည်သူလူထုရဲ့ လက်ထဲကိုရောက်အောင် ပေးပို့နိုင်ဖို့ အတွက် ဖင်လန်အစိုးရအနေနဲ့ လုပ်ဆောင်သင့်တယ်ဆိုပြီးတော့ ဖင်လန်သမ္မတကို မြန်မာသမ္မတမလာခင် ဖင်လန်ရောက် မြန်မာတွေက အိတ်ဖွင့်ပေးစာပေးပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

“ကျနော်တို့ ဘာတောင်းဆိုထားတာလဲဆိုတော့ လက်ရှိဖင်လန်အစိုးရကနေပြီးတော့ ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင်တယောက် အနေနဲ့ သူက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ကို ဖင်လန်နိုင်ငံက သဘောတူခဲ့တာ ရှိတယ်။ ကျနော်တို့ ဖင်လန်အစိုးရကို တိုက်တွန်းထားတဲ့အချက်တခုရှိပါတယ်။ အဲဒီအချက်ကတော့ စီးပွားရေးပိတ်ဆို့မှုတွေတင် မဟုတ်ဘူး၊ တခြားလုပ်ထားတဲ့ အုပ်ချုပ်မှုတွေကို အားလုံးချက်ချင်း မရုပ်သိမ်းဖို့ တောင်းဆိုထားပါတယ်။ အဓိက ကတော့ လက်နက်ရောင်းချမှု မလုပ်ဖို့အတွက်ကို ကျနော်တို့ ဆက်ပြီးတော့ ဖင်လန်အစိုးရကို တိုက်တွန်းထားပါတယ်။ နောက်တိုက်တွန်းထားတဲ့ အချက်တခုက ဖင်လန်နိုင်ငံက လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရကို ယူရိုငွေ ၆ သန်းကျော် အကူအညီပေးဖို့အတွက် သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီပေးမယ့်အကူအညီတွေက ကျနော်တို့က ဘာဖြစ်စေချင်လဲဆိုတော့ ကျနော်တို့က တကယ့်လိုအပ်တဲ့နေရာတွေ မှာ ပြည်သူလူထုတွေလက်ထဲကို တိုက်ရိုက်ရောက်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ ပေးနိုင်ဖို့ ကျနော်တို့ ဖင်လန်အစိုးရကို တိုက်တွန်းထားပါတယ်။”

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီးမှ လွတ်လပ်ပြီး တရားမျှတ တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာ လက်ခံနိုင်မှာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ကိုသန့်စင်ထွန်းက ပြောပါတယ်။

ဖင်လန်ရောက် မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ သီးသန့်တွေ့ဆုံဖို့ အစီအစဉ်မရှိကြောင်းလည်း သိရပါတယ်။ တနင်္ဂနွေနေ့မှာတော့ မြန်မာသမ္မတဦးသိန်းစိန်ဟာ ဖင်လန်နိုင်ငံကနေ ထွက်ခွာမှာဖြစ်ပါတယ်။
XS
SM
MD
LG